စစ်ကော်မရှင်သည် ယမန်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် နိုင်ငံတော် ငွေပေးချေမှုစနစ်ကြီးကြပ်မှုကော်မတီအစည်းအဝေး၌ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ရယူစုဆောင်းပြီး ဘက်စုံစောင့်ကြည့် ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ အစီအစဉ်အရ ပြည်သူများ၏ ဘဏ်စာရင်းများ၊ Mobile Wallet (KPay, Wave) စာရင်းများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ e-ID စနစ်၊ ဖုန်းဆင်းကတ် (SIM Card) မှတ်ပုံတင်ထားသည့် အချက်အလက်များနှင့် တိုက်ရိုက်ချိတ်ဆက်မည်ဖြစ်သည်။ ယင်းလုပ်ရပ်သည် ပြည်သူတစ်ဦးချင်းစီ၏ ငွေကြေးစီးဆင်းမှုနှင့် တည်နေရာ အချက်အလက်များကို စစ်ကော်မရှင်က အချိန်မရွေး ခြေရာခံနိုင်ရန် ဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အိုင်တီကျွမ်းကျင်သူတစ်ဦးက “ဒါဟာ ပြည်သူတွေရဲ့ Data Privacy (ကိုယ်ရေးအချက်အလက်လုံခြုံမှု) ကို အကြီးအကျယ် ချိုးဖောက်တာဖြစ်ပါတယ်။ e-KYC စနစ်ကို အစိုးရဌာနပေါင်းစုံက ဒေတာတွေနဲ့ ချိတ်ဆက်လိုက်တာဟာ ခေတ်မီတဲ့စနစ်တစ်ခု တည်ဆောက်တာထက် ပြည်သူတွေကို စောင့်ကြည့်တဲ့ Surveillance စနစ်တစ်ခုကို ဖော်ဆောင်နေတာဖြစ်တယ်” ဟု သုံးသပ်ပြောကြားသည်။
ထို့ပြင် စစ်ကော်မရှင်သည် e-Commerce (အွန်လိုင်းဈေးရောင်းဈေးဝယ်) လုပ်ငန်းများကို စောင့်ကြည့်ပြီး အခွန်အခများ ရရှိရေးကိုပါ ထည့်သွင်းဆွေးနွေးခဲ့သည်။
စီးပွားရေး ပျက်ကပ်ဆိုက်နေသည့် ကာလအတွင်း ပြည်သူများ၏ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်ရန် ကြံစည်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ထောက်ပြကြသည်။
နိုင်ငံရေးလေ့လာသူတစ်ဦးက “မြေပြင်မှာ မြို့တွေကိုတောင် မကာကွယ်နိုင်တော့တဲ့ စစ်တပ်ဟာ အွန်လိုင်းပေါ်ကနေ ပြည်သူ့အိတ်ကပ်ထဲကို နှိုက်ဖို့ ကြိုးစားနေတာပါ။ အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ပါဝင်လာတာကို ကြည့်ရင် ဒါဟာ စီးပွားရေးထက် စစ်ရေးအရ တော်လှန်ရေးငွေလမ်းကြောင်းကို ပိတ်ဖို့နဲ့ ထောက်ပံ့သူတွေကို လိုက်လံဖမ်းဆီးဖို့ ရည်ရွယ်တာဖြစ်တယ်” ဟု ဆိုသည်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ရိုးရိုးနည်းပညာ မြှင့်တင်ခြင်း မဟုတ်ဘဲ Digital Authoritarianism ကို တည်ဆောက်ခြင်းဖြစ်ပြီး ပြည်သူများ၏ လုပ်ဆောင်ချက်များကို ဒစ်ဂျစ်တယ် ကွင်းဆက်ဖြင့် ပိတ်ဆို့ခြင်းဖြစ်ကြောင်း အိုင်တီကျွမ်းကျင်သူက ထောက်ပြသည်။
အွန်လိုင်းဈေးသည်တစ်ဦးက “လျှပ်စစ်မီးနဲ့ အင်တာနက်တောင် မှန်အောင် မပေးနိုင်တဲ့ကြားက ကိုယ်ရေးအချက်အလက်တွေကို အကုန်ချိတ်မယ်ဆိုတော့ လုံခြုံမှု မရှိသလို ခံစားရတယ်။ ကိုယ့်ပိုက်ဆံ ကိုယ်သုံးတာတောင် သူတို့က အကုန်စောင့်ကြည့်နေမယ့်သဘော ဖြစ်နေတယ်” ဟု ၎င်း၏ စိုးရိမ်မှုကို ပြောသည်။
စစ်ကော်မရှင်သည် “အမျိုးသားငွေပေးချေမှု မဟာဗျူဟာ (၂၀၂၆-၂၀၃၀)” ဟု အမည်တပ်ကာ အကြီးအကျယ် ကြေညာနေသော်လည်း လက်တွေ့တွင် အခြေခံအဆောက်အအုံ ချို့ယွင်းနေမှုများကြောင့် ၎င်းတို့၏ ရည်မှန်းချက်သည် လေလှိုင်းပေါ်က အိပ်မက်တစ်ခုသာ ဖြစ်နိုင်သော်လည်း ပြည်သူ့ဒေတာများကို အသုံးချ၍ ဖမ်းဆီးထိန်းချုပ်မှုများ ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
စစ်ကော်မရှင်၏ လုပ်ရပ်သည် နည်းပညာကို အသုံးချ၍ ပြည်သူ့ဒေတာများကို ဓားစာခံပြုကာ ဘက်စုံစောင့်ကြည့်ကာ ထိန်းချုပ်မှုနှင့် ငွေရှာမှု များကို လုပ်ဆောင်ရန် ကြိုးစားနေခြင်းဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မိမိတို့၏ ဒေတာလုံခြုံရေးနှင့် ငွေကြေးသုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များကို အထူးသတိပြုကြရန် လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြကြသည်။
