စစ်တပ်ကို လက်တွေ့ကျကျ ဖိအားပေးကြရန် လူ့အခွင့်အရေး တန်ဖိုးထားသော နိုင်ငံများ၊အဖွဲ့အ စည်းများနှင့် လူ့ပုဂ္ဂိုလ်များအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တိုက်တွန်းလိုက်သည်။
ယနေ့(စက်တင်ဘာ၉ရက်)ကျင်းပသော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြား ခြင်း အစီအစဉ်တွင် NUGအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ အကျဉ်းထောင်တွင်း မျက်ကွယ်သေဒဏ်ပေးမှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး မိသားစုနှင့်တွေ့ဆုံခွင့်၊ ဆေးကုသခွင့်နဲ့ အခြားသောထောင်တွင်း အခွင့်အရေးများရရှိနိုင်ရေးတို့အတွက် စစ်တပ်ကို လက်တွေ့ကျကျ ဖိအားပေးကြရန် တိုက်တွန်းခဲ့ ခြင်းဖြစ်သည်။
“နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးအခြေအနေ တစ်စုံတစ်ရာ ချို့တဲ့ဆိုးဝါးမှုတွေ ရှိခဲ့တယ်ဆိုရင် ဒီအခြေအနေတွေရဲ့ မူရင်းတရားခံတွေဖြစ်တဲ့၊ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့ကြသူတွေ အားလုံး တာဝန်ယူ တာဝန်ခံကြရမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝီလျံဟိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ကောင်းမွန်သော ဆေးဝါးကုသခွင့်ပေးရန် တောင်းဆိုပေးသည့် အတွက် NUGအစိုးရနှင့် မြန်မာပြည်သူတို့က အထူးကျေးဇူးတင်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
စစ်အုပ်စု၏ မတရားဖမ်းဆီးမှု ခံထားရသည့် အသက် ၈၀ကျော် ပြီဖြစ်သော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးပိုင်းဆိုင်ရာဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရပြီး ဆေးကုသခွင့် မရရှိကြောင်း သားဖြစ်သူ မစ္စတာ ကမ်မ်အဲရစ်၏ ပြောကြားချက်အရ သိရှိရသဖြင့် NUGအစိုးရအနေနှင့် အထူးစိုးရိမ်ပူပန်မိကြောင်းလည်း ဆိုသည်။
