နိုင်ငံအချို့အနေနှင့် စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ်ရှုမြင်ကာ ယုံကြည်ကိုးစားမှုမပြုကြရန် NUGအစိုးရက သတိပေးလိုက်သည်။
ယနေ့(စက်တင်ဘာ၉ရက်)ကျင်းပသော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြား ခြင်း အစီအစဉ်တွင် NUGအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က အထက်ပါ အတိုင်း ပြောကြားသည်။
“ပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေကို ငြင်းပယ်ရုံသာမက ထိပါးနှောက်ယှက်ဖျက်ဆီးနေတဲ့ ဘယ်လိုအာဏာရှင်စနစ်မျိုးအောက်မှာမှ ဒီမိုကရေစီဟာ မထွန်းကားနိုင်ကြောင်းကို သမိုင်းက ဖော်ပြလျက် ရှိပါတယ်”ဟု ၎င်းက ပြောသည်။
NUGအစိုးရနှင့် တော်လှန်ရေးအင်အားစုများသည် မြန်မာနိုင်ငံ၏ အရေးပါသော နယ်မြေအစိတ်အပိုင်းများကို စိုးမိုးအုပ်ချုပ်လျက်ရှိပြီး NUGအစိုးရအနေနှင့် ဒေသတွင်းလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ဘုံနယ်နိမိတ်များကို ဘေးကင်းလုံခြုံစွာ စီမံခန့်ခွဲရေးတို့အတွက် အိမ်နီးချင်းနိုင်ငံများနှင့် အပြုသဘောဆောင်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားရန် အဆင်သင့်ရှိကြောင်းလည်း ဆိုသည်။
“ပြောရရင် ကျနော်တို့ရဲ့ အိမ်နီးချင်းဆိုးတွေပေါ့။အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယက မင်းအောင်လှိုင် လို ချင်နေတဲ့ နိုင်ငံရေးထောက်ခံမှုပေးပြီး စီးပွားရေးအရ အမြတ်ထုတ်ဖို့ အားထုတ်နေကြတာ။ကျနော်တို့တော်လှန်ရေး အင်အားစုတွေအနေနဲ့ တပ်ပေါင်းစုဖွဲ့ပြီး တိုက်ကြဖို့လိုမယ်။ပြီးတော့ အနာဂတ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံရေးဘုံသဘောတူညီချက် ထွက်လာဖို့လိုမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
တရုတ်နှင့် အိန္ဒိယတို့က အာဏာသိမ်းစစ်ကော်မရှင် တရားမဝင်ပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ဖော်ပြထားကြသည်။
စစ်အုပ်စုကို ထိတွေ့ဆက်ဆံအားပေး နေခြင်းထက် ပြည်သူ ထောက်ခံမှုရှိသော NUGအစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်း ကသာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး သည် စစ်မှန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်းလည်း ဦးနေဘုန်းလတ်က ဆိုသည်။
