ဒီးဘောင်းခူတွင် ရက်စက်စွာ လူသတ်မှုဖြစ်ပွား၊ တရားခံမမိသေးသဖြင့် ဒေသခံများ လုံခြုံရေးစိုးရိမ်နေ

ဓာတ်ပုံ-MPA
ပုံစာ- သေဆုံးသူအမျိုးသမီးအား မိသားစုဝင်များမှ နာရေးပြုလုပ်ထားပုံ

ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ်အနောက်ခြမ်း၊ ဒီးဘောင်းခူမြို့၊ ဒေါရောက်ခူအုပ်စုအတွင်း အမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ခဲ့သည့် တရားခံအား မမိသေးသဖြင့် ဒေသခံများ လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့(ဇန်နဝါရီ ၁၃ရက်)က အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နွားကြောင်းသွားပြီး ပုံမှန်အချိန်အတွင်း ပြန်မရောက်လာသည့်အတွက် မိသားစုဝင်များက လိုက်လံရှာဖွေရာ တောအုပ်အတွင်း ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်သာ ပြန်လည်တွေ့ရှိခဲ့ကြောင်း ကျန်ရစ်သူမိသားစုဝင်တစ်ဦးက ပြောသည်။

“မိုးချုပ်တဲ့အထိ မရောက်လာဘူး။ ခါတိုင်းဆို စောစောပြန်လာလေ့ရှိတယ်။ ကျတော်တို့လှည့်ပတ်ရှာတယ် ရှာတော့လဲမတွေ့ဘူး။ လမ်းမှာမေးကြည့်တာလဲ မတွေ့ဘူးပြောတယ်။ တွေ့တဲ့အချိန်ကျတော့ သူ့လည်ပင်းမှာ သွေးထွက်နေတယ်။ လည်ပင်းလှီးခံထားရတဲ့ဒဏ်ရာရယ်၊ ဗိုက်နားမှာ ဓားရှထားတဲ့ ဒဏ်ရာ နှစ်ချက်နဲ့ သေနတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျန်ရစ်သူမိသားစုဝင်များက တရားလိုပြုလုပ်ကာ ကရင်နီပြည်
ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားပြီး သေဆုံးသူကို ဇန်နဝါရီ ၁၄ရက်၌ မြေချ သင်္ဂြိုဟ်သွားမည်ဖြစ်သည်။

“သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အဆင့်ဆင့် အကြောင်းကြားရတယ်။ သူတို့တွေကိုတော်တော်စောင့်လိုက်ရတယ်။ သူတို့ကိုစောင့်ရတော့ ည ၁၂နာရီကျော်မှ အလောင်းပြန်သယ်လာရတယ်” ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

သေဆုံးသူသည် ဒေါ်ပိုင်ဆိုသူဖြစ်ပြီး ပတ်ဝန်းကျင်နှင့် ရန်ငြှိုးရန်စပင်မရှိဘဲ အနေးအေးသူဖြစ်ကြောင်းလည်း သိရသည်။

မျက်မြင်သက်သေတစ်ဦး၏ ထွက်ဆိုချက်နှင့် သေဆုံးသူက မိခင်ဖြစ်သူထံ နောက်ဆုံးဖုန်းခေါ်ဆိုခဲ့သည့် အချိန်တို့သည် (၁၅) မိနစ်ခန့်သာ ကွာခြားခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း MPA က စုံစမ်းသိရှိရသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်ကြောင့် ကျန်ရစ်သူမိသားစုဝင်များသာမက ဒေသခံရွာသားများပါ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပြီး လက်ရှိတွင် အမျိုးသားများပင် တစ်ဦးတည်း သွားလာရန် ဝံ့ရဲခြင်းမရှိတော့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ ဒေသခံများက ပြောကြားသည်။

“ဓားနဲ့ထိုးရုံတင်မဟုတ်ဘဲ လည်ပင်းပါ လှီးသွားတာဆိုတော့ လူသတ်တာကို ကျွမ်းကျင်တဲ့သူလို့ ထင်ရတယ်။ သေဆုံးသူက ဘာရန်ငြှိုးမှမရှိတော့ မူးယစ်ဆေးဝါး (WY) သုံးစွဲပြီး ဆေးကြောင်နေသူတွေက လုပ်သွားတာဖြစ်နိုင်တယ်။ အဲ့ဒီနားမှာ ဆေးသုံးတဲ့သူတွေလည်း ရှိနေတာကိုး” ဟု ဒေသခံတစ်ဦးက ၎င်း၏ အမြင်ကို သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် သေဆုံးသူ၏ မိသားစုဝင်များက အမှုမှန်ပေါ်ပေါက်ရေးကို အလိုရှိနေကြပြီး နောင်တွင် ယခုကဲ့သို့ မှုခင်းမျိုးများ ထပ်မံမဖြစ်ပွားစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုထားကြသည်။

ဒီးဘောင်းခူမြို့နယ်သည် IEC က အသစ်ပြန်လည်ဖွဲ့စည်းထားသည့် မြို့နယ်တစ်ခုဖြစ်ပြီး ၎င်းအောက်တွင် ဒေါရောက်ခူ၊ လိုပူ၊ လိုဘာခို၊ ဟိုဝမ်၊ ဝါဘန်းဘလို နှင့် ပန်ပက် အစရှိသည့် ကျေးရွာအုပ်စုများ ပါဝင်ကြောင်း သိရသည်။