Grok AI ၏ လိင်ပိုင်းဆိုင်ရာ Deepfake ဗီဒီယိုနှင့် ဓာတ်ပုံများကြောင့် X ပလက်ဖောင်း ပိတ်ပင်ခံရမှုများနှင့် ကမ္ဘာတစ်ဝန်း စုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်လာ

ဘီလျံနာ အီလွန်မတ်စ်ပိုင်ဆိုင်သည့် လူမှုမီဒီယာကုမ္ပဏီကြီးဖြစ်သော X က ၎င်း၏ ပလက်ဖောင်းပေါ်တွင် ကလေးငယ်များနှင့် အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ Deepfake ပုံရိပ်များကို Grok AI အသုံးပြု၍ ဖန်တီးနေမှုကြောင့် ကမ္ဘာတစ်ဝန်းမှ ပြစ်တင်ရှုတ်ချမှုများနှင့် အရေးယူပိတ်ပင်မှုများကို ရင်ဆိုင်နေရသည်။

ဇန်နဝါရီ ၁၂ ရက်က အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သည် ကာယကံရှင်၏ သဘောတူညီချက်မပါဘဲ ဖန်တီးထားသည့် လိင်ပိုင်းဆိုင်ရာ Deepfake ပုံရိပ်များအပေါ် စိုးရိမ်မှုကို အကြောင်းပြကာ Grok AI ကို ကမ္ဘာ့ပထမဆုံး ပိတ်ပင်သည့်နိုင်ငံများ ဖြစ်လာခဲ့သည်။

“ကာယကံရှင်ရဲ့ သဘောတူညီချက်မပါဘဲ ဖန်တီးထားတဲ့ လိင်ပိုင်းဆိုင်ရာ Deepfake တွေဟာ လူ့အခွင့်အရေး၊ သိက္ခာနဲ့ ဒီဂျစ်တယ်နယ်ပယ်အတွင်းရှိ နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံမှုကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်တယ်လို့ အစိုးရက ရှုမြင်ပါတယ်” ဟု အင်ဒိုနီးရှား ဆက်သွယ်ရေးနှင့် ဒီဂျစ်တယ်ရေးရာဝန်ကြီး မူတယာ ဟာဖစ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

မလေးရှား ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာ ကော်မရှင်ကလည်း အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်သည့် ရုန့်ရင်းကြမ်းတမ်းသော၊ လိင်ပိုင်းဆိုင်ရာ ပေါ်လွင်သောပုံရိပ်များကို ဖန်တီးရန်အတွက် အဆိုပါနည်းပညာကို “အကြိမ်ကြိမ် အလွဲသုံးစားပြုခြင်း” ရှိနေကြောင်း မှတ်ချက်ပြုခဲ့သည်။

အဆိုပါ ထိန်းကျောင်းကွပ်ကဲရေးအဖွဲ့က ပိုမိုခိုင်မာသော ကာကွယ်ရေးအစီအမံများ ပြုလုပ်ရန် X Corp နှင့် xAI ကုမ္ပဏီတို့ထံ ယခုလအတွင်း သတိပေးချက်များ ပေးပို့ထားကြောင်း ပြောကြားခဲ့သည်။

ဥရောပကော်မရှင်ကလည်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး X ကုမ္ပဏီအနေဖြင့် ၎င်း၏ AI chatbot နှင့် ပတ်သက်သော စာရွက်စာတမ်းအားလုံးကို သိမ်းဆည်းထားရန် အမိန့်ပေးခဲ့သည်။

“X ရဲ့ Grok မှာ ကလေးငယ်ပုံရိပ်တွေအပါအဝင် လိင်ပိုင်းဆိုင်ရာ ပေါ်လွင်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးနေတဲ့ ‘Spicy Mode’ ရှိနေတာကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ဒါဟာ Spicy (အစပ်အဟုန်ပြင်းတာ) မဟုတ်ပါဘူး၊ ဒါဟာ တရားမဝင်တာ ဖြစ်ပါတယ်။ ဒါဟာ ထိတ်လန့်စရာကောင်းပြီး စက်ဆုပ်ရွံရှာဖွယ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို အလေးအနက်ထားပြီး စုံစမ်းနေတယ်ဆိုတာ အတည်ပြုပါတယ်” ဟု ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ သောမတ်စ် ရက်နီယာက ပြောကြားခဲ့သည်။

ဆွီဒင်နိုင်ငံ ဒုတိယဝန်ကြီးချုပ် အက်ဘာ ဘွတ်ရှ်ကလည်း ၎င်းအား ဘီကီနီဝတ်စုံဖြင့် ဖော်ပြထားသည့် AI ဖန်တီးထားသော ပုံရိပ်များ ပျံ့နှံ့သွားချိန်တွင် အဆိုပါ လိင်ပိုင်းဆိုင်ရာ Deepfake များ၏ သားကောင်ဖြစ်ခဲ့ရသည်။

“အီလွန်မတ်စ်ရဲ့ Grok က ကျွန်မကို ဆန္ဒမပါဘဲ အဝတ်အစားတွေ ချွတ်ပစ်လိုက်တာပါ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်သူ့ကို ဘီကီနီနဲ့ ပြမလဲဆိုတာ ကျွန်မကိုယ်တိုင်ပဲ ဆုံးဖြတ်မှာပါ။ ကျွန်မမှာ သားသမီးနှစ်ယောက်ရှိတယ်။ သမီးလေးက ကိုးနှစ်ပဲ ရှိသေးတယ်။ ဒါမျိုး သူ့အပေါ်မှာ ဘယ်တော့မှ မဖြစ်စေချင်ဘူး” ဟု ဘွတ်ရှ်က X ပေါ်တွင် တင်ခဲ့သည့် ဗီဒီယိုတုံ့ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဆွီဒင်ဝန်ကြီးချုပ် အူးဖ် ခရစ်စတာဆန် ကလည်း အဆိုပါပုံရိပ်များကို “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်မျိုး” ဟု ဖော်ပြခဲ့ပြီး “ဒါဟာ စက်ဆုပ်စရာကောင်းပြီး လက်ခံနိုင်စရာမရှိသလို စော်ကားတာလည်း ဖြစ်တယ်” ဟု ဆိုသည်။

ဗြိတိန်နိုင်ငံ၏ လွတ်လပ်သော အွန်လိုင်းဘေးကင်းလုံခြုံရေး စောင့်ကြည့်ရေးအဖွဲ့ကလည်း Grok မှ ဖန်တီးပေးသည့် “လိင်ပိုင်းဆိုင်ရာပုံရိပ်များ” နှင့် ပတ်သက်၍ ဇန်နဝါရီ ၁၂ ရက်က X အပေါ် စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။

“Grok AI chatbot ကို အသုံးပြုပြီး လူတွေရဲ့ အဝတ်မဲ့ပုံတွေကို ဖန်တီးမျှဝေနေတယ်ဆိုတဲ့ အစီရင်ခံစာတွေဟာ အလွန်ပဲ စိုးရိမ်စရာကောင်းပါတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပုံရိပ်အလွဲသုံးစားမှု ဒါမှမဟုတ် ညစ်ညမ်းပုံရိပ်တွေ ဖြစ်နိုင်သလို ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုဆိုင်ရာ အကြောင်းအရာ (CSAM) တွေလည်း ဖြစ်နိုင်ပါတယ်” ဟု Ofcom အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ စုံစမ်းစစ်ဆေးမှုတွင် X က ဥပဒေချိုးဖောက်ကြောင်း တွေ့ရှိပါက ပေါင် ၁၈ သန်း သို့မဟုတ် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းအနက် ပိုများသည့်ပမာဏကို ဒဏ်ရိုက်ခံရနိုင်သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာကလည်း ရေဒီယိုအင်တာဗျူးတစ်ခုတွင် X အနေဖြင့် “ဒီကိစ္စကို စနစ်တကျ ပြုပြင်ပြီး အဆိုပါအကြောင်းအရာတွေကို အမြန်ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဒါကို လက်ခံနိုင်စရာ မရှိတဲ့အတွက် ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံကလည်း အဆိုပါ AI chatbot ကို ၇၂ နာရီအတွင်း ပြုပြင်ရန် သို့မဟုတ်ပါက အရေးယူမှုများ ရင်ဆိုင်ရန် X ကို အမိန့်ပေးခဲ့သည်။

အိန္ဒိယ အီလက်ထရွန်းနစ်နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက X အား ၎င်း၏ AI ကို “အလွန်အကျွံ အလွဲသုံးစားပြုခြင်း” နှင့် အမျိုးသမီးများကို “ရုန့်ရင်းကြမ်းတမ်းစွာ နှိမ့်ချစော်ကားသည့် ပုံရိပ်များ သို့မဟုတ် ဗီဒီယိုများ” ကို ခွင့်ပြုထားခြင်းတို့အတွက် တရားဝင်သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံတွင်လည်း Grok သည် ဂျူးလူမျိုးတုံးသတ်ဖြတ်မှု (Holocaust) ကို ငြင်းဆိုသည့် အဆိုပြုချက်များကို အားပေးနေသည်ဟူသော စုံစမ်းစစ်ဆေးမှုတွင် ယခု လိင်ပိုင်းဆိုင်ရာ Deepfake အမှုများကိုပါ ထည့်သွင်းကာ စုံစမ်းစစ်ဆေးမှုကို ချဲ့ထွင်လိုက်သည်။

ဘရာဇီးနိုင်ငံတွင်လည်း လွှတ်တော်အမတ်တစ်ဦးက Grok နှင့် X တို့ကို ဖက်ဒရယ်အစိုးရရှေ့နေများထံ တိုင်ကြားခဲ့ပြီး Grok နှင့် X ၏ AI လုပ်ဆောင်ချက်အားလုံးကို ရပ်ဆိုင်းရန် အစိုးရကို တိုက်တွန်းခဲ့သည်။

အီလွန်မတ်စ်၏ AI ကုမ္ပဏီဖြစ်သော xAI က Associated Press ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို မီဒီယာတွေက လိမ်ညာနေကြတာ (Legacy Media Lies) ဟူသော အလိုအလျောက် တုံ့ပြန်စာဖြင့်သာ တုံ့ပြန်ခဲ့သည်။

သို့သော်လည်း Grok မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ Deepfake အကြောင်းအရာများ ထွက်ပေါ်နေခြင်းကိုမူ X က ငြင်းဆိုခြင်း မရှိပေ။

ယင်းအစား X ၏ Safety အကောင့်က ၎င်းတို့အနေဖြင့် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုဆိုင်ရာ အကြောင်းအရာများအပါအဝင် တရားမဝင်သော အကြောင်းအရာများကို ဖယ်ရှားခြင်း၊ အကောင့်များကို အမြဲတမ်း ပိတ်ပင်ခြင်းနှင့် လိုအပ်ပါက ဒေသတွင်းအစိုးရများ၊ ဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အရေးယူနေပါသည်ဟုသာ ထပ်မံအခိုင်အမာ ပြောကြားခဲ့သည်။

ထို့ပြင် မတ်စ်၏ ပြောကြားချက်ကိုလည်း ပလက်ဖောင်းပေါ်တွင် ထပ်လောင်းဖော်ပြခဲ့ရာ “တရားမဝင်တဲ့ အကြောင်းအရာတွေ ဖန်တီးဖို့ Grok ကို အသုံးပြုတဲ့ ဘယ်သူမဆို တရားမဝင်တဲ့ အကြောင်းအရာတွေကို တင်တဲ့သူတွေ ရင်ဆိုင်ရမယ့် နောက်ဆက်တွဲဆိုးကျိုးအတိုင်း ခံစားရမှာဖြစ်တယ်” ဟု ဆိုထားသည်။