မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တွင် တာဝန်ကျနေသည့် စစ်မှုထမ်း တပ်သား ၃ ဦး လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း သိသည်။
ဇန်နဝါရီ ၁၅ ရက်တွင် ထားဝယ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၆ ဆင်းခဲ့သည့် စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် လက်နက်များ ယူဆောင်၍ အလင်းဝင်ခဲ့ကြောင်း ရေးပြောက်ကျားတပ် (YGF)က သတင်းထုတ်ပြန်သည်။
“၃ ယောက်လုံး အတင်းအဓမ္မပေါ်တာဆွဲခံထိတာပါ။ ညနေဘက်တွေမှာပဲ အဆွဲခံရတာ။ ဇာတိတွေ ထားဝယ်နဲ့ရှမ်းပြည်နယ်ကပါဗျာ။ နေရာအတိအကျတော့ မပြောတော့ပါဘူး။ အသက်က၂၀ ဝန်းကျင်တွေပါပဲ။ လောလောဆယ်သူတို့ ဘယ်လို ဆက်လုပ်မယ်ဆိုတာ စဥ်းစားနေတုန်းပါ။ ခမရ ၅၉၁ ကလိုက်ရှာတာမျိုး ရှိပါတယ်ဗျာ”ဟု ရေးပြောက်ကျားတပ်(YGF)မှ ရဲဘော်စောခေတ်သစ် က MPA သို့ပြောသည်။
အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားသစ် ၃ ဦးသည် MA3 သေနတ် ၂ လက် ၊ ကျည်ဘောက် ၂ ခုနှင့် ကျည် ၄၈ တောင့်ကိုပါ ၎င်းတို့နှင့် တပါတည်း ယူဆောင်ခဲ့ကြောင်း သိရသည်။
“လတ်တလော အခက်အခဲလေးရှိနေလို့ ချက်ချင်းတော့ မချီးမြှင့်နိုင်ခဲ့ပါဘူး။ ချီးမြှင့်ဖို့အတွက် စီစဥ်နေပါတယ်။အဓိကကတော့ အခုလိုအလင်းဝင်နေတာကို လက်ရှိ စကစမှာ စစ်မှုထမ်းနေတဲ့ သူတွေကို မြင်စေချင်ပါတယ်။ မြင်ပြီးတော့ ပြည်သူ့ဘက်ကို အလင်းဝင်ကြဖို့ မျှော်လင့်ပါတယ်။ သူတို့ လမ်းခရီးမှာ အခက်အခဲတွေတော့မရှိခဲ့ပါဘူး။ အဓိက ရဲရဲဝံဝံဘက်ပြောင်းလာဖို့ လိုတာပါ”ဟု ၎င်းက ဆိုသည်။
အလင်းဝင် စစ်မှုထမ်းတပ်သား ၃ ဦးသည် သံဖြူဇရပ်မြို့နယ် ၊ ဝဲကလိ သင်တန်းကျောင်းနှင့် အမှတ် ၁၁ တန်းမြင့်သင်တန်းကျောင်းတို့မှ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၆ ဆင်းများဖြစ်ကြကာ ခမရ ၅၉၁တပ်ရင်း၌ တာဝန်ထမ်းဆောင်နေကြသည်မှာ လပိုင်းခန့်သာ ရှိသေးသည်။
ဒီဇင်ဘာ ၁၀ ရက်နှင့် ဇန်နဝါရီ ၁၀ ရက်တွင်လည်း ရေးမြို့နယ် ၊ ၉မိုင်ကျေးရွာအခြေစိုက် ခလရ ၂၉၉ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၂ ဦးနှင့် စကခ ၁၉ မွမ်းမံသင်တန်းမှ စစ်မှုထမ်းတပ်သားသစ် တစ်ဦးတို့ ရေးပြောက်ကျားတပ် (YGF)ထံ အလင်းဝင်ခဲ့သေးသည်။
