တော်လှန်ရေးအချိန်ကြာမြင့်လာသည့်အမျှ စစ်တပ် ပြင်ဆင်မှု ပြန်လည်အားကောင်းလာခြင်းမှာ တော်လှန်ရေးတပ်များ စုစည်းရန် အချက်ပေးခေါင်းလောင်းသံဟု CPU/CPA က ပြောကြားသည်။
ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီတွင် ပြုလုပ်သည့် ချင်းပြည်သူ့အစည်းအရုံး(Chin People’s Union)၊ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ၏ သတင်းစာရှင်းလင်းပွဲတွင် CPU ဒုဥက္ကဌ ၃ ဆလိုင်းအောင်မင်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
” စကမကတော့ ၂၀၂၅၊ ၂၀၂၆ မှာ တချို့ဒေသ၊ တချို့နယ်မြေ တွေမှာတော့ နည်းနည်းပါးပါး ပြန်ပြီး ခေါင်းထောင်လာတယ်လို့ ပြောရမှာပေါ့နော်။ ဒီအရာတွေက ကျနော့်အမြင်ပြောရရင် ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကို စုစည်းဖို့ အချိန်တန်ပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံလို့ ကျနော်ကမြင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ အားလုံး ဒီအချိန်မှာတော့ တကွဲတပြားနဲ့ တော်လှန်လို့ မရတော့ဘူး။ စုစုစည်းစည်းနဲ့ တော်လှန်မှရမယ်။ စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်မှရမယ်ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံလို့ ကျနော်အနေနဲ့ မြင်ပါတယ်” ဟု ဆလိုင်းအောင်မင်းက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်ရှိထက် ကျစ်လျစ်ခိုင်မာသည့် စုဖွဲ့မှုများဖြင့် စစ်တပ်ကို တန်ပြန်ထိုးစစ်ဆင်နိုင်မှသာလျှင် လိုချင်သည့် အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
” ချင်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စကမရဲ့ထိုးစစ်တွေဟာလည်း တော်တော်ပြင်းထန်ပါတယ်။ အဲဒီနေရာတွေမှာ ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေရော၊ ကျန်တဲ့မဟာမိတ်အဖွဲ့တွေရော ပူးပေါင်းဆောင်ရွက်နေတာတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
CPU/ CPA ကို မင်းတပ်မြို့နယ်တော်လှန်ရေးဦးဆောင် ကော်မတီ၊ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်၊ မတူပီတော်လှန်ရေး အဖွဲ့ချုပ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ၊ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရကောင်စီနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် တို့ကို စုစည်းပြီး ၂၀၂၅ ခု၊ နိုဝင်ဘာ ၁၅ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဒေသတွင်း နိုင်ငံရေး၊စစ်ရေး ဦးဆောင်မှုပေးရန်အတွက် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သည့် တပ်၄ခုကို စုစည်းကာ CPU/CPA အား ဖွဲစည်းခဲ့ခြင်းဖြစ်ပြီး ၎င်းသည်လည်း ချင်းညီနောင်အဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။
