NUG အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု CPU/CPA ဆို

ဓာတ်ပုံ - Yaw Mang Facebook
ပုံစာ- NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် CB ပြောရေးဆိုခွင့်ရှိသူ၊ CPU/CPA အ‌ထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြုပြင်ပြောင်းလဲမှုအပေါ် ပူးပေါင်းဆောင်သွားမည်ဖြစ် ကြောင်း CPU/CPA တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၅ရက်၊ ညနေပိုင်း၌ ပြုလုပ်သည့် ချင်းပြည်သူ့အစည်းအရုံး(Chin People’s Union)၊ ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ၏ သတင်းစာရှင်းလင်းပွဲတွင် CPU ဒုဥက္ကဌ ၃ ဆလိုင်းအောင်မင်းက အထက်ပါအတိုင်း ပြောကြားခဲ့သလို နွေဦးတော်လှန်ရေးတွင် NUG ဦးဆောင်သည့် အခန်းကဏ္ဍများရှိသကဲ့သို့ တိုင်းရင်းသားများ၏ ပူးပေါင်းပါဝင်မှုများလည်း ရှိနှင့်ပြီးဖြစ်ကြောင်းလည်း ဆိုသည်။

” ခိုင်မာတဲ့ အဖွဲ့အစည်း EAO တွေကတောင်မှ NUG နဲ့ အများကြီး အလုပ်လုပ်နေတာ ရှိပါတယ်။ ပြောချင်တာက NUG ရဲ့ စုဖွဲ့မှု၊ NUG ရဲ့ ပြင်ဆင်မှု၊ NUG လုပ်မယ့် အရွေ့အပေါ်မှာ ကျနော်တို့တိုင်း ရင်းသားတွေအနေနဲ့က ဆက်ပြီးပါဝင်သွားဖို့ဖြစ်ပါတယ်” ဟု ဆလိုင်းအောင်မင်းက ပြောသည်။

NUG အနေဖြင့် လက်အောက်ခံ ကာကွယ်ရေးတပ်များကို လက်ရှိထက် စနစ်ကျ၍ စစ်ပုံကျအောင် တည်ဆောက်သွားရန်လိုအပ်ပြီး တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ဟန်ချက်ညီညီ သွားလျှင် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်းလည်း ၎င်းကအကြံပေးသည်။

” အခုလည်း တစ်ဆင့်ပြီး တစ်ဆင့် ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်လာတယ်။ တပ်တည် ဆောက်မှုတွေ အများကြီးလုပ်လာတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ တိုင်းရင်းသားတွေအနေနဲ့ အများကြီးမျှော်လင့်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

တရုတ်၏ မြန်မာနိုင်ငံအပေါ် ဝင်ရောက်စွက်ဖက်နေမှုများအပေါ် CPU ဗဟိုကော်မတီဝင်တစ်ဦးက တော်လှန်ရေးအဖွဲ့အစည်းများအနေနှင့် ခိုင်မာသည့် မဟာမိတ်များ တိုးပွားပြီး မြေပြန့်နှင့် တိုင်းရင်း သားဒေသများတွင် ပိုမိုစုစည်း၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်နေပါက စိုးရိမ်စရာ မရှိကြောင်း ပြောကြားသည်။

CPU/CPA သည် နယ်မြေထိစပ်နေသည့် အဖွဲ့အစည်းများနှင့်လည်း ဆက်ဆံရေးတည်ဆောက်နေပြီး ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။