NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက်လာခဲ့သော ကမ္ဘာ့အကြီးဆုံး အမေရိကန် အာမခံလုပ်ငန်းကြီးတစ်ခုဖြစ်သည့် Chubb Life Insurance သည် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီးနောက်တွင် မြန်မာဝန်ထမ်းများမှာ ဒီဇင်ဘာလအတွက် လုပ်ခလစာနှင့် နစ်နာကြေးတစ်စုံတစ်ရာ မရရှိဘဲ ကုမ္ပဏီနှင့် အဆက်အသွယ် ပြတ်တောက်သွားသည့် Blackout အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရှိရသည်။
ဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ ကုမ္ပဏီ၏ အဆင့်မြင့်အရာရှိကြီးများ အလုပ်မှ နုတ်ထွက်သွားကြပြီး ပြီးခဲ့သည့် အောက်တိုဘာလတွင် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အကြီးအကဲ (HR Head)၊ နိုဝင်ဘာလတွင် အရောင်းဆိုင်ရာ အကြီးအကဲ (Sales Head) နှင့် ဒီဇင်ဘာလတွင် CEO တို့မှာလည်း ရာထူးမှ နုတ်ထွက်သွားခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် လက်ရှိတွင် မြန်မာရုံးခွဲရှိ ဝန်ထမ်းများ၏ ရုံးလုပ်ငန်းသုံး Access အားလုံးနှင့် Facebook Page တို့ကိုပါ တစ်ပြိုင်နက် ပိတ်ချသွားခဲ့ခြင်း ဖြစ်သည်။
“ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လူရော စိတ်ရော အကုန်ပြိုလဲကုန်ကြတယ်”ဟု ဝန်ထမ်းတစ်ဦးက ပြောပြသည်။ ဝန်ထမ်းများသည် နိုဝင်ဘာလကုန်တွင် အားလပ်ရက်များ၌ပင် အချိန်ပို (OT) ဆင်း၍ အလုပ်လုပ်ပေးခဲ့ကြသော်လည်း ယခုအခါ ဒီဇင်ဘာလစာကိုပင် မရရှိမည့် အရေးနှင့် ရင်ဆိုင်နေရသည်။
လက်ရှိတွင် Chubb ဘက်မှ မည်သည့် ရပ်စဲကြောင်း (Termination Letter) မျှ မထုတ်ပြန်ဘဲ အဆက်အသွယ် ဖြတ်ထားခြင်းကြောင့် ဝန်ထမ်းများမှာ ဥပဒေအရ အခွင့်အရေးရရန်ပင် အခက်တွေ့နေကြသည်။ ဝန်ထမ်းစာချုပ် (Employment Contract) များမှာလည်း ရုံးခန်းအတွင်းရှိ HR အခန်းထဲတွင် ရှိနေသဖြင့် ဝန်ထမ်းများ လက်ဝယ်တွင် မရှိကြတော့ကြောင်း သိရသည်။
“လျော်ကြေးဆိုတာ ဘယ်နားနေမှန်းမသိဘူး။ လောလောဆယ် ဝန်ထမ်းလစာ၊ အိုတီကြေးတွေ ရဖို့တောင် မသေချာဘူးဖြစ်နေတယ်။ ဒီလစာကို အမှီပြုစားနေတဲ့ ဝန်ထမ်းတွေဆို ဒုက္ခရောက်တာပေါ့။ BOD တွေလည်း မရှိတော့ဘူး”ဟု နောက်ထပ် ဝန်ထမ်းတစ်ဦးက ပြောပြသည်။
အစိုးရဌာနများ၏ တုံ့ပြန်မှု အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (FRD) က ဝန်ထမ်းများ၏ လစာကိစ္စကို စီစဉ်ပေးမည်ဟု အစပိုင်းတွင် ပြောဆိုခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ထူးခြားလာခြင်း မရှိသေးပေ။
ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းပေါင်း ၃၄,၀၀၀ ခန့်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါးရှိသည့် နိုင်ငံတကာ အဆင့်မီ ကုမ္ပဏီကြီးတစ်ခုက ယခုကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့စွာဖြင့် ဝန်ထမ်းများကို ပစ်ပယ်သွားခြင်းအပေါ် လုပ်ငန်းခွင်အတွင်း ဝေဖန်မှုများ ပြင်းထန်နေသည်။
Chubb Life Insurance Myanmar သည် အာမခံ ပေါ်လစီ ပိုင်ရှင်များကိုမူ ပေးသွင်းထားသည့် ပရီမီယံကြေးများ၏ ၁၀၀ ရာခိုင်နှုန်း ပြန်ပေးမည်ဟု ကြေညာထားသော်လည်း ကုမ္ပဏီအတွက် အစွမ်းကုန် ကြိုးစားပေးခဲ့သည့် ဝန်ထမ်းများ၏ အခွင့်အရေးမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
