ရွေးကောက်ပွဲအကြောင်းပြ စစ်ကြောင်းထိုးသည့် စစ်ကော်မရှင်တပ် ကော့ကရိတ်တွင် အထိနာပြီး ပိတ်မိနေ

ဓာတ်ပုံ - KNLA
ပုံစာ - ကရင်တော်လှန်ရေးပူးပေါင်းတပ်များ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ရှေ့တန်းမှာ တွေ့ရစဉ်။ (ပုံဟောင်း)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းတွင် တကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာပြီး အထိနာကာ ပိတ်မိနေသည့် စစ်ကော်မရှင်တပ်သည် လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ကူများကို အားကိုးနေရကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံအချို့က ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယမှစတင်ကာ ကရင်ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ကော့ကရိတ်မြို့နယ်မြောက်ပိုင်း အောက်ဘိုတဲနှင့် နောင်ကိုင်းလမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများဘက်သို့ စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုးလာရာမှ ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း အထိနာသွားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် နောင်ကိုင်းရွာရှိ ဥယျာဉ်ခြံများအတွင်း ပိတ်မိနေပြီး ရှေ့ဆက်မတိုးနိုင် ဖြစ်နေကြောင်း ကော့ကရိတ်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ ပြောကြားသည်။

“အခုထိ ပိတ်မိနေတုန်းပဲ၊ သူတို့က အကွက်ကျကျစီစဉ်ပြီး ဝင်တိုးလာတာ၊ ခက်တာက ဒီနယ်မြေက ကျွန်တော်တို့ စိုးမိုးထားတာဆိုတော့ သူတို့အတွက် အင်အားအများကြီးသုံးပြီး ဝင်လာလို့တော့ ရကောင်းရနိုင်သွားမယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အကွက်ချထားတဲ့အတိုင်း ဝင်သွားလို့ အခုလို ပိတ်မိနေတာ။ ပိတ်မိနေတယ်ဆိုပေမဲ့ ပစ်ခတ်မှုကတော့ ရှိနေတုန်းပဲ” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ရှိနိုင်သည်ဟု ယူဆရသည့် နောင်ကိုင်းရွာတစ်ဝိုက်ကို ဇန်နဝါရီ ၁၇ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်ဒါဇင်နှင့်ချီ မီးလောင်ပျက်စီးမှုများ ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ကော့ကရိတ်အခြေစိုက် တပ်ရင်းတပ်စခန်းများအပြင် အမြောက်ကုန်းများမှတစ်ဆင့် ဟောင်ဝှစ်ဇာ လက်နက်ကြီးများ၊ ၁၂၀ မမ များနှင့် ဒရုန်းများကိုပါ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များအပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များလည်း အထိအခိုက် အကျအဆုံးရှိနေသည်ဟု ရဲဘော်အချို့က အတည်ပြုသော်လည်း အသေးစိတ်စာရင်းကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲလုံခြုံရေးအတွက် နယ်မြေစိုးမိုးမှုကို လက်ဦးမှုရယူနိုင်ရန် ကြိုးစားနေသည့် စစ်ကော်မရှင်သည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

“မြို့ထဲမှာက သိတဲ့အတိုင်းပဲ စစ်တပ်နဲ့ BGF တွေများတယ်၊ သူတို့ပဲ လုံခြုံရေးယူပေးပြီး ရွေးကောက်ပွဲအတွက် စီစဉ်နေကြတာပါ။ အချို့မဲရုံတွေ အကုန်ပြင်ဆင်ပြီးလို့ ကြိုတင်မဲတွေ ပေးခိုင်းနေတယ်။ တပ်တွင်းမဲရုံမှာ ကြံ့ခိုင်ရေးပါတီကို မဲထည့်ခိုင်းနေတာ၊ ကြောက်လို့ သွားထည့်ရတဲ့သူတွေလည်း ရှိတယ်” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

စစ်အုပ်စုက အပိုင်းလိုက် ကျင်းပနေသည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် ကရင်ပြည်နယ်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ ပါဝင်နေပြီး ယင်းမြို့ပေါ်များတွင် စစ်တပ်နှင့် လက်ဝေခံတပ်များက လုံခြုံရေးအင်အား အများအပြား အသုံးပြုထားကြောင်း သိရသည်။

ယခုကဲ့သို့ တကျော့ပြန်တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ နောင်ကိုင်း၊ ကမိုင်ကုန်း၊ မောင်းမ၊ ထိဖိုးဇံ၊ နောင်ထပ္ပံ၊ နောင်မိ၊ နန်းရွှေမှုံ၊ စော်ဟဲ အစရှိသည့် ကျေးရွာ ၂၀ ကျော်မှ ဒေသခံသောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

“မြို့အခြေစိုက်စခန်းကနေ ရွာဘက်ကို လှမ်းပစ်တာမျိုးတွေ ရှိနေတုန်းပဲ၊ မြို့ပေါ်မှာသာ နည်းနည်းငြိမ်နေတာ၊ အချို့ရွာတွေဆို တိုက်ပွဲမဖြစ်ရင်တောင် လက်နက်ကြီးက တောက်လျှောက်ကျနေတာ။ အခုဆို မြောက်ဘက်တင်မက တောင်ဘက်က ကျုံဒိုးမှာပါ ဖြစ်နေတော့ အိမ်မှာလည်း မနေရဲ၊ တောထဲလည်း မရှောင်ရဲသလို ဖြစ်နေကြတယ်” ဟု ကော့ကရိတ်ခရိုင်အတွင်း စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲအကြောင်းပြ၍ စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်များ၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်၊ အဆောက်အဦနှင့် ဥယျာဉ်ခြံမြေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရကာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

စစ်တပ်သည် ကော့ကရိတ်အာရှလမ်းပိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် တောင်ပေါ်လမ်းဟောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးတို့အတွက် ပြီးခဲ့သည့် ၃ လကတည်းက စစ်ကြောင်းထိုးခဲ့ဖူးသလို၊ ယခုလည်း ရွေးကောက်ပွဲနယ်မြေရှင်းလင်းရေး အကြောင်းပြကာ ထပ်မံစစ်ကြောင်းထိုးလာသော်လည်း ရှေ့ဆက်တိုးမရဘဲ ဖြစ်နေခြင်း ဖြစ်သည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့် ကော့ကရိတ်မြို့နယ်သည် KNU တပ်မဟာ (၆) နှင့် (၇) နယ်မြေအတွင်း ပါဝင်နေပြီး တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံ MPA က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိသေးပေ။