အမေရိကန်တွင် ပိတ်ပင်မခံရရန် TikTok က ဖက်စပ်လုပ်ငန်းသစ်တစ်ခုအတွက် သဘောတူညီမှုပြုလုပ်

Agencies

အမေရိကန်ပြည်သူ သန်းပေါင်းများစွာ အသုံးပြုနေသည့် လူကြိုက်များသော လူမှုမီဒီယာအက်ပ် TikTok အား အမေရိကန်တွင် ပိတ်ပင်ခံရမည့်အရေးမှ ရှောင်လွှဲနိုင်ရန်အတွက် TikTok ၏ ပိုင်ရှင်ဖြစ်သော တရုတ်ကုမ္ပဏီ ByteDance က အမေရိကန်ဘက်က အဓိကပိုင်ဆိုင်မည့် ဖက်စပ်ကုမ္ပဏီတစ်ခု တည်ထောင်ရန် သဘောတူညီမှုတစ်ရပ်ကို ဇန်နဝါရီ ၂၂ ရက် တွင် ပြုလုပ်လိုက်သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါအက်ပ်ကို ပိတ်ပင်ရန် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ပထမဆုံးအကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အတွက် နှစ်ပေါင်းများစွာ အားပြိုင်မှုများဖြစ်ပေါ်ခဲ့သည်။

TikTok USDS Joint Venture LLC ဟု အမည်ပေးထားသော အဆိုပါဖက်စပ်လုပ်ငန်းသည် အသုံးပြုသူ သန်း ၂၀၀ ကျော်နှင့် စီးပွားရေးလုပ်ငန်း ၇.၅ သန်းကို ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး၊ အချက်အလက်ကာကွယ်ရေး၊ အယ်လ်ဂိုရီသမ် (Algorithm) လုံခြုံရေးနှင့် အကြောင်းအရာ စိစစ်ထိန်းညှိမှုတို့အတွက် တင်းကျပ်သော ကာကွယ်ရေးအစီအမံများကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားသည်။

ByteDance ကုမ္ပဏီသည် အဆိုပါဖက်စပ်လုပ်ငန်းတွင် အစုရှယ်ယာ ၁၉.၉ ရာခိုင်နှုန်းကို ဆက်လက်ပိုင်ဆိုင်ထားမည်ဖြစ်ရာ ၎င်းမှာ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းအောက် လျှော့ချပိုင်ဆိုင်ရမည်ဟူသော ကန့်သတ်ချက်အတွင်း ရှိနေသည်။

Silver Lake၊ Oracle နှင့် အဘူဒါဘီအခြေစိုက် MGX ဟုခေါ်သော AI ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့က အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းစီ အသီးသီး ပိုင်ဆိုင်ကြသည်။ Oracle ၏ အမှုဆောင်ဥက္ကဋ္ဌ လာရီ အယ်လီဆင် (Larry Ellison) သည် သမ္မတ ထရမ့်၏ ကာလရှည် မဟာမိတ်တစ်ဦးလည်း ဖြစ်သည်။

အခြားသော ရင်းနှီးမြှုပ်နှံသူများတွင် Dell Family Office၊ Susquehanna International Group နှင့် General Atlantic တို့၏ လက်အောက်ခံကုမ္ပဏီများနှင့် အခြားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအချို့ ပါဝင်သည်။

အဆိုပါဖက်စပ်လုပ်ငန်းသည် အမေရိကန် အသုံးပြုသူများအတွက် ယုံကြည်စိတ်ချရမှု၊ ဘေးကင်းလုံခြုံရေး မူဝါဒများနှင့် အကြောင်းအရာ စိစစ်ထိန်းညှိမှုဆိုင်ရာ ကိစ္စရပ်များတွင် ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိမည်ဖြစ်ပြီး၊ TikTok ၏ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများကမူ နိုင်ငံတကာ ထုတ်ကုန်ပေါင်းစည်းမှုနှင့် အီးကောမတ်စ် (e-commerce) နှင့် ကြော်ငြာလုပ်ငန်းများ အပါအဝင် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကို စီမံခန့်ခွဲသွားမည် ဖြစ်သည်။

ဖက်စပ်လုပ်ငန်းကို TikTok ၏ အမှုဆောင်ချုပ် ချူးရှိုကျ နှင့် အဓိက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ အမှုဆောင်များ အပါအဝင် အမေရိကန်နိုင်ငံသား အများစုပါဝင်သည့် အဖွဲ့ဝင် ၇ ဦးပါ ဒါရိုက်တာဘုတ်အဖွဲ့က အုပ်ချုပ်သွားမည် ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် TikTok ကို အသုံးပြု၍ အမေရိကန်ပြည်သူများ၏ အချက်အလက်များကို ရယူခြင်း သို့မဟုတ် အယ်လ်ဂိုရီသမ်မှတစ်ဆင့် လွှမ်းမိုးမှုများ ပြုလုပ်ခြင်းတို့ ရှိနိုင်ကြောင်း သမ္မတ ထရန့်၏ ပထမသက်တမ်းမှစ၍ အမေရိကန် မူဝါဒချမှတ်သူများက သတိပေးခဲ့ကြပြီးနောက် ၂၀၂၄ ခုနှစ်တွင် အဆိုပါဥပဒေ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သမ္မတ ထရန့်သည် အဆိုပါအက်ပ်က ၎င်းအား လူငယ်မဲဆန္ဒရှင်များအကြား ထောက်ခံမှုရရှိစေရန် အထောက်အကူပြုသည်ဟု အသိအမှတ်ပြုခဲ့ပြီး၊ ဥပဒေအရ အရေးယူဆောင်ရွက်မှုများကို အမှုဆောင်အမိန့်များဖြင့် ဆက်တိုက် ရွှေ့ဆိုင်းပေးခဲ့ရာ နောက်ဆုံးတွင် သတ်မှတ်ရက်ကို ဇန်နဝါရီ ၂၂ ရက်အထိ တိုးမြှင့်ပေးခဲ့သည်။

ထရန့်၏ ကိုယ်ပိုင် TikTok အကောင့်တွင် Follower ၁၆ သန်းကျော် ရှိသည်။