ပြင်ပရွှေဈေး သိန်း၁၀၀ဟိုဘက် ခုန်တက်နေသော်လည်း စစ်ကော်မရှင်သတ်မှတ်နှုန်းမှာ သိန်း၆၀ တွင် ငိုက်မျဉ်းဆဲ

ပြင်ပရွှေဈေး မည်မျှပင် ခုန်တက်နေစေကာမူ စစ်ကော်မရှင် သတ်မှတ်နှုန်းထားမှာ သိန်း၆၀ မှာပင် ငိုက်မျဉ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယနေ့(ဇန်နဝါရီ၂၃ရက်) မြန်မာ့ရွှေ ပြင်ပဈေးကွက် အဖွင့်ဈေးမှာ ၁၆ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၁၀၂သိန်းသို့ ရောက်ရှိပြီဖြစ်သော်လည်း စစ်ကော်မရှင်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးရွှေ လုပ်ငန်းရှင်များအသင်း၏ ယနေ့နံနက်ပိုင်း ရည်ညွှန်းဈေးမှာ ကျပ်သိန်း၆၀ သာလျှင် ဖြစ်သည်။

“သူတို့ဖွင့်တဲ့ဈေးနဲ့ သူတို့ ရောင်းပေးနိုင်သလားဆိုတော့ မရောင်းဘူး။ဈေးကွက်မှာ ဘယ်လောက် တက် တက် စစ်တပ်က တက်တော့လို့ မပြောမချင်း လုံးဝမတက်ဘူးဆိုတဲ့ သဘောပါ ။အခုရွှေဈေး တွေ ထိုးတက်နေတဲ့ အဓိက ပြဿနာက ကမ္ဘာ့နိုင်ငံရေးမကောင်းလို့ အမေရိကန်ဒေါ်လာကို ယုံကြည်မှုကျပြီး ရွှေကိုစုပြုံဝယ်လာတဲ့အချိန် ကျနော်တို့ရဲ့ မြန်မာကျပ်ကလည်း ထိုးဆင်းနေလို့ ဖြစ်တာ။ကိုယ့်ပြည်တွင်းချည်းသီးသန့် ဖြစ်တဲ့ပြဿနာကြောင့် ရွှေဈေး ထောင်တက်နေတာတော့ မဟုတ်ဘူး”ဟု ရန်ကုန်မြို့တွင်းရွှေလောကသားတစ်ဦးက MPAသို့ပြောသည်။

ရွှေဈေးထိုးတက်နေချိန်တွင် ရန်ကုန်မြို့တွင်း ရွှေဆိုင်အများစုမှာ အရောင်းလက်မခံကြောင်းနှင့် ပြင်ပရွှေဈေးမှာ ထပ်တက်နိုင်သည့် အလားအလာရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

“ဒီအတိုင်း ပိတ်ပင်တားဆီးမှုမရှိဘဲ ဈေးကွက်အလိုအတိုင်း ဆက်သွားမယ်ဆိုရင် သိပ်မကြာခင် သိန်း ၁၁၀ လောက်ထိ ရောက်သွားနိုင်တယ်လို့ မှန်းဆချက်တွေ ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဇန်နဝါရီ၂၀ရက် နံနက်ပိုင်းမှစတင်ကာ ပြင်ပရွှေဈေးမှာ ကျပ်သိန်း၁၀၀ကျော်ခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးရွှေ လုပ်ငန်းရှင်များအသင်း၏ ရွှေဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ဒီဇင်ဘာ၂၄ရက်မှ ယနေ့ထိတိုင် သိန်း၆၀ ဖြစ်နေဆဲဖြစ်သည်။

စာတည်း-ML