မန္တလေးတိုင်း၊ မိထ္တီလာခရိုင်ရှိ ရွေးကောက်ပွဲ အပိုင်း ၃ လုပ်ဆောင်နေသည့် မလှိုင်မြို့နယ်တွင် စစ်ကော်မရှင်တပ်က စက်တပ်လေထီး(Paramotor) အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်၊ နံနက် ၇ နာရီမှစ၍ စစ်ကော်မရှင်တပ်က မလှိုင်မြို့နယ်၊ ပန်းအိုင်နှင့် တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ စက်တပ်လေထီး(Paramotor) အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။
“မနက် မိုးလင်းကတည်းက ပန်းအိုင်နဲ့ ရုံးစည်ကြီးကြားမှာ ဗုံးတွေကြဲနေတာ။ မြို့ထဲဘက်ကလည်း အသံတွေကြားရတယ်။ အပေါ်က ဗုံးကြဲတာရော၊ အောက်က ပစ်ခတ်သံတွေရော စုံနေတာပဲ။ ရွေးကောက်ပွဲနေ့ကြီး ဖြစ်နေတာဆိုတော့ မဲရုံတွေလည်း လူသိပ်မရှိဘူး” ဟု မြေပြင်အခြေအနေသိရှိသူ မလှိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိတွင် မလှိုင်မြို့ပေါ်ရှိ မဲရုံများတွင်လည်း စိတ်ဝင်တစားဖြင့် မဲလာထည့်ကြသူ မရှိသလောက် နည်းပါးနေကြောင်း ဒေသခံအချို့က ဆိုသည်။
“ကျတော်တို့က မနက်အစောကြီး သွားပေးလိုက်တယ်။ မဲရုံတွေမှာ လူလည်း မရှိဘူး။ မဲရုံစောင့်တွေကလည်း ဘယ်အချိန် ဘာထဖြစ်ကြမလဲဆိုတာကို စိတ်ပူနေကြတာ။ မိတ္ထီလာကနေ တက်တဲ့ စက်တပ်လေထီးတွေကလည်း ခေါင်းပေါ်ကနေ တောက်လျှောက်လာနေတာ” ဟု အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ရှိ ရွေးကောက်ပွဲ အပိုင်း ၃ လုပ်ဆောင်နေသည့် ဖားကန့်မြို့နယ်တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်၊ နံနက် ၆ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ဖားကန့်မြို့၊ မြို့မရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
“မြို့မရပ်ကွက်ထဲက အိမ်ကတော့ လူထိခိုက်တာ မရှိဘူး။ ရွေးကောက်ပွဲကလည်း အခြေအနေမကောင်းဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်၊ နံနက်ပိုင်းမှစ၍ ဖားကန့်မြို့အဝင်အထွက်ကို စစ်ကော်မရှင်တပ်ဘက်က ပိတ်ထားပြီး ယမန်နေ့(ဇန်နဝါရီ ၂၄ ရက်)နှင့် ယနေ့ နံနက်ပိုင်းအထိ နှစ်ဖက်တပ်ဖွဲ့များကြား လက်နက်ကြီးပစ်ခတ်မှုများနှင့် ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်နေကြောင်း သိရသည်။
စစ်ကော်မရှင်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၃ ကို ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ ဗန်းမော်၊ ရွှေကူ၊ မံစီနှင့် မိုးမောက်မြို့နယ်တို့တွင် ပြုလုပ်မည်ဟု ယခင်က ကြေငြာထားသော်လည်း၊ လက်ရှိတွင် KIA သိမ်းပိုက်ထားသည့် မံစီနှင့် မိုးမောက်၊ တိုက်ပွဲများဖြစ်ပွားနေသည့် ဗန်းမော်မြို့တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိကြောင်း သိရသည်။
