အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ဝါဒဖြန့်သတင်းဌာနများနှင့် တွေ့ဆုံရာ၌ ၎င်းတို့အနေဖြင့် နဂိုကတည်းက ပါတီစုံဒီမိုကရေစီစနစ်သို့ သွားရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် ယခုလုပ်ရပ်မှာ ၎င်းတို့ရွေးချယ်သည့် လမ်းစဉ်မဟုတ်ဘဲ ပြည်သူက ရွေးချယ်သည့် လမ်းစဉ်ကို ထောက်ခံနေခြင်းသာဖြစ်ကြောင်း ဆင်ခြေပေး ပြောဆိုခဲ့သည်။
ထို့ပြင် မဲရုံများသို့ လာရောက်မဲပေးသူများသည် ၎င်းတို့ထောက်ခံလိုသည့် ပါတီများရှိ၍ လာရောက်ခြင်းဖြစ်ပြီး မဲမပေးသူများမှာမူ ၎င်းတို့ထောက်ခံသည့် ပါတီမပါဝင်ခြင်းနှင့် လုံခြုံရေးအရ အခက်အခဲရှိခြင်းကြောင့်သာ ဖြစ်နိုင်ကြောင်း ဆိုသည်။
ယခုရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၊ PPP ပါတီနှင့် ကျားဖြူပါတီ အစရှိသည့် ပါတီစုံပါဝင်နေပြီး လွတ်လပ်စွာ မဲပေးနေခြင်းဖြစ်သောကြောင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ဂရုမစိုက်ဘဲ ပြည်သူ၏ အသိအမှတ်ပြုမှုကိုသာ အလေးထားမည်ဟု ၎င်းက ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေဟာ လက်တွေ့မြေပြင်က အခြေအနေမှန်တွေကို မျက်ကွယ်ပြုပြီး ကိုယ့်ကိုယ်ကိုယ် သွေးသိပ်နေတာပဲ ဖြစ်ပါတယ်။ အတိုက်အခံပါတီတွေကို ဖျက်သိမ်း၊ ခေါင်းဆောင်တွေကို ထောင်ထဲထည့်ထားပြီးမှ ပါတီစုံဒီမိုကရေစီလို့ ပြောနေတာဟာ ကမ္ဘာ့အလယ်မှာ လှောင်စရာတစ်ခုလို ဖြစ်နေတယ်” ဟု သုံးသပ်ပြောကြားသည်။
ထို့ပြင် လွှတ်တော်ခေါ်ယူပြီးပါက အစိုးရသစ်အနေဖြင့် တိုင်းပြည်ကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မည်သည့်အစိုးရတက်သည်ဖြစ်စေ ပြည်သူလူထု အကျိုးစီးပွားနှင့် တိုင်းပြည်အေးချမ်းတိုးတက်ရေးကို ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရတစ်ဦးတည်း လုပ်ဆောင်၍မရဘဲ ပြည်သူများကပါ အမြင်ကျယ်ကျယ်ဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်းနှင့် ပြည်သူမပါဘဲ ဒီမိုကရေစီသွားရန် မဖြစ်နိုင်ကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှာ ပြင်ပတွင် ကြားသိနေရသည်နှင့် ကွဲပြားနေပြီး မီဒီယာများ၏ ကောလာဟလများကြောင့် တိုင်းပြည် နစ်နာနေရသည်ဟု စွပ်စွဲခဲ့သည်။
၎င်း၏ အဆိုအရ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားများမှာ ပြင်ပမှ ကြားနေရသည်နှင့် လက်တွေ့ဖြစ်ပျက်နေသည်မှာ တစ်ခြားစီဖြစ်နေသည်ဟု ဆိုကြကြောင်းနှင့် တိုင်းပြည်တွင်ရှိသည့် အခွင့်အရေးများကို အသုံးချနိုင်ပါက တိုးတက်မည်မှာ သေချာကြောင်း ဝါဒဖြန့် ပြောဆိုခဲ့သည်။
၎င်းက ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကို ဥပမာပေးရာတွင်လည်း ထိုစဉ်က အတိုက်အခံများ၏ အနုတ်လက္ခဏာဆောင်သည့် လုပ်ရပ်များကြောင့် တိုင်းပြည်အတွက် ခက်ခဲခဲ့ရကြောင်း ပြောကြားကာ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး ပျက်သုဉ်းမှုများအတွက် အတိုက်အခံများကိုသာ အပြစ်ပုံချခဲ့သည်။
ထို့ပြင် ပြည်သူများ မဲမပေးကြခြင်းမှာ ၎င်းတို့ထောက်ခံသည့်ပါတီ မပါဝင်ခြင်းကြောင့်မဟုတ်ဘဲ အာဏာသိမ်းစစ်တပ်၏ တရားမဝင်မှုကို ဆန့်ကျင်သည့်အနေဖြင့် သပိတ်မှောက်နေကြခြင်းဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။
စစ်ခေါင်းဆောင်က လုံခြုံရေးကြောင့်ဟု အကြောင်းပြနေခြင်းမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ်က နယ်မြေစိုးမိုးမှု ဆုံးရှုံးနေခြင်းကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။
“စစ်တပ်က စိတ်ကြိုက်ခြယ်လှယ်ထားတဲ့ ပါတီတွေကြားထဲမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဟာ စစ်တပ်အာဏာမြဲဖို့အတွက် ဟန်ပြလုပ်နေတဲ့ ပြပွဲတစ်ခုပဲ ဖြစ်ပါတယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။
မီဒီယာများကို ကောလာဟလဖြန့်သည်ဟု စွပ်စွဲချက်အပေါ်တွင်လည်း သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ထားပြီး သတင်းထောက်များကို ဖမ်းဆီးထားသည့် စစ်ကော်မရှင်အနေဖြင့် ယခုကဲ့သို့ ပြောဆိုရန် အခွင့်အရေးမရှိကြောင်း တက်ကြွလှုပ်ရှားသူများက တုံ့ပြန်သည်။
“စစ်တပ်က သူတို့ရဲ့ အကြမ်းဖက်မှုတွေကို ဖုံးကွယ်ဖို့ မီဒီယာတွေကို ပြစ်တင်တာက အာဏာသိမ်းပြီးထဲကလေ ဒါက ထုံးစံအတိုင်း အပြစ်လွှဲချတာပါ” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်လာသည့် သတင်းထောက်တစ်ဦးက မှတ်ချက်ပြုသည်။
ပြည်တွင်းနိုင်ငံရေး အင်အားစုများကမူ စစ်ခေါင်းဆောင် ပြောဆိုနေသည့် အစိုးရသစ်နှင့် လွှတ်တော်ဆိုသည်မှာလည်း စစ်တပ်က နောက်ကွယ်မှ ထိန်းချုပ်ထားမည့် အရုပ်အစိုးရသာ ဖြစ်လာမည်ဟု ယူဆကြသည့်အပြင် ပြည်သူ့ဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် မည်သည့်ရလဒ်ကိုမဆို အသိအမှတ်ပြုမည်မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြတ်သားစွာ ထုတ်ဖော်ထားပြီး ဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ယခုရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ပြေလည်စေမည်မဟုတ်ဘဲ ပိုမိုရှုပ်ထွေးစေမည်ဟု ရှုမြင်နေကြသည်။ စစ်ခေါင်းဆောင်က နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ဂရုမစိုက်ဟု ပြောဆိုနေခြင်းမှာလည်း နိုင်ငံတကာမှ အသိအမှတ်မပြုကြောင်း သိရှိနေသဖြင့် ကြိုတင်ကာကွယ် ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း သုံးသပ်သူများက ဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောဆိုချက်များသည် လက်ရှိကျရှုံးနေသည့် စစ်ရေး၊ နိုင်ငံရေး အခြေအနေများမှ ရွေးကောက်ပွဲဖြင့် ထွက်ပေါက်ရှာရန် ကြိုးပမ်းမှုသာ ဖြစ်ပြီး ပြည်သူလူထု၏ သပိတ်မှောက်မှုနှင့် နိုင်ငံတကာ၏ ငြင်းပယ်မှုများကြောင့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲမှာ မျှော်လင့်သကဲ့သို့ တရားဝင်မှု ရရှိလာနိုင်ဖွယ် မရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
