ဖားကန့်မြို့တွင် လက်နက်ကြီးသံ ဆူညံနေပြီး မဲရုံများ မဖွင့်နိုင်

ဓာတ်ပုံ - ကို Tarlin Mg
ပုံစာ - ဖားကန့်မြို့တွင်း ပုံ။(ပုံဟောင်း)

တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်နေသည့် ဖားကန့်မြို့တွင် လက်နက်ကြီးသံများ ဆူညံနေပြီး မဲရုံမဖွင့်နိုင်ကြောင်းသိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဇန်နဝါရီ ၂၄ရက် ညပိုင်းကစပြီး ယနေ့ (ဇန်နဝါရီ ၂၅ရက်)ရွေးကောက်ပွဲ စတင် ပြုလုပ်သည့်နံနက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖားကန့်မြို့ဗျူဟာကုန်း၌ တပ်စွဲထားသည့် စစ်တပ်တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း ဖားကန့်မြို့ခံ တစ်ဦးထံမှသိရသည်။

” လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်တဲ့ အနေအထားမျိုးဖြစ်နေတာ။ မနေ့ညကတည်းကလို့ ပြောရမှာပေါ့။ မနေ့ညကတည်းကနေ တောက်လျှောက် တစ်ညလုံးနီးပါး အသံတွေ ကြားနေတာလို့ ပြောရမှာပေါ့နော်။ ဒီနေ့ မနက်ထိ တောက်လျှောက် အသံတွေကြားတယ်။ ခဏငြိမ်လိုက်< ပြန်ထုလိုက်ပေါ့” ဟု ဖားကန့်မြို့ခံ ကို Tarlin Mgက MPA သို့ပြောသည်။

တော်လှန်ရေးတပ်များဘက်က မဲရုံများရှိရာ အနီးတစ်ဝိုက်နှင့် ‌ဖားကန့်ဗျူဟာကုန်းကို လက်နက်ကြီး နှင့် ပစ်ခတ်နေပြီး စစ်တပ်ကလည်း ၁၂၀မမ လက်နက်ကြီးဖြင့် တော်လှန်ရေးအင်အားစုများထိန်း ချုပ်ထားသည့် ဆိပ်မူကျေးရွာအုပ်စုဘက်သို့ ပစ်ခတ်နေခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၄ရက်က ဖားကန့်မြို့ပေါ်တွင် ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက် မြို့အဝင်အထွက်ကို စစ်တပ်က ပိတ်ခဲ့သော်လည်း ယခုလို လက်နက်ကြီးပစ်ခတ်မှုများကြောင့် မဲရုံဖွင့်နိုင်ခြင်းမရှိကြောင်း သိရသည်။

” လက်ရှိကတော့ ဖားကန့်မြို့ပေါ်မှာ တိတ်ဆိတ်ပြီးတော့ အသွားအလာလည်းမရှိဘူး။ သူတို့မဲရုံဖွင့် လှစ်နိုင်ခြင်းလည်းမရှိဘူး။ ဖားကန့်မြို့ပေါ်မှာတော့ အဲ့လိုအနေအထားမျိုးဖြစ်နေတယ်။ ဖားကန့်မြို့ ပတ်ဝန်းကျင်တွေကတော့ မဲရုံလုပ်နိုင်တဲ့ အနေအထားမရှိဘူး။ ဒါပေမဲ့၊ ဖားကန့်မြို့ပေါ် မှာ မြို့ပိတ် ပြီး လုပ်တဲ့ဟာကလည်း ခုလက်ရှိမှာတော့ မဲရုံဖွင့်နိုင်တဲ့အနေအထားမရှိဘူးပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုကြောင့် ကလပ်ကုန်းရွာက နေအိမ်တစ်လုံးပေါ်သို့ လက်နက် ကြီး တစ်လုံးကျရောက်ပြီး ၃ဦးဒဏ်ရာရကာ ငှက်ပျောတောရပ်ကွက် မဲရုံအနီးရှိ စံပယ်ဖြူစတိုး ပေါ်သို့ တစ်လုံးကျရောက်ခဲ့ရာ ၂ဦး ဒဏ်ရာရခဲ့သည်။ထို့အပြင် ဆိပ်မူကျေးရွာက နေအိမ်တစ်လုံးပေါ် သို့ လက်နက်ကြီးကျရောက်ပြီး အသက် ၂နှစ်အရွယ်ကလေးတစ်ဦးနှင့် ပြည်သူတစ်ဦးတို့ ဒဏ်ရာရ ရှိခဲ့ကြောင်းသိရသည်။

ဒဏ်ရာရသူများမှာ အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း အသက်အရွယ်နှင့် ကျား၊မ ကိုမူမသိရ သေးပေ။

ဖားကန့်မြို့ပေါ်၊ မရှီကထောင်ရပ်ကွက် စာသင်ကျောင်း၊ မြို့မရပ်ကွက် စာသင်ကျောင်း၊ ငှက်ပျောတောရပ်ကွက်စာသင်ကျောင်း၊ မော်ဝမ်းရပ်ကွက်စာသင်ကျောင်းနှင့် အေးမြသာယာရပ်ကွက် စာသင်ကျောင်းတို့တွင် မဲရုံဖွင့်လှစ်ထားကြောင်းသိရသည်။

ဖားကန့်မြို့နယ်ရှိ ကျေးရွာအုပ်စု ၈အုပ်စုတွင် ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။