ရန်ကုန်မြို့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၃ တွင် လုံခြုံရေး ပိုမိုတင်းကျပ်ထားပြီး ရပ်ကွက်လမ်းသွယ်များအထိ စစ်တပ်က နေရာယူထား

ဓာတ်ပုံ-MPA
ပုံစာ-အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၃ ရန်ကုန်မြို့မြင်ကွင်းအချို့

စစ်ကော်မရှင်က ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၃) တွင် လုံခြုံရေး ပိုမိုတင်းကျပ်ထားပြီး မိန်းလမ်းမကြီးများသာမက လမ်းအတွင်းပိုင်း လူနေရပ်ကွက်များထဲတွင်ပါ လုံခြုံရေးအင်အား အမြောက်အမြား ချထားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

အပိုင်း (၁) နှင့် အပိုင်း (၂) ရွေးကောက်ပွဲ ကျင်းပချိန်က လုံခြုံရေးအရ လှည့်ကင်းပတ်သည့် အခြေအနေသာ ရှိခဲ့သော်လည်း ယနေ့ အပိုင်း (၃) ကျင်းပချိန်တွင်မူ လူနေရပ်ကွက် လမ်းသွယ်များထဲ၌ပါ စစ်ယူနီဖောင်းဝတ် တပ်သားများက လက်နက်အပြည့်အစုံဖြင့် နေရာယူထားကြောင်း ရွေးကောက်ပွဲစောင့်ကြည့်သူ မြို့ခံတစ်ဦးက ပြောသည်။

“အခု ပတ်ကြည့်နေတာ အပိုင်း ၁ နဲ့ ၂ တုန်းက အခုလောက် မရှိဘူးလို့ ပြောရမယ်။ စမ်းချောင်းနဲ့ လှိုင်သာယာမှာ ပိုဆိုးတယ်လို့ မြင်မိသလောက်ပေါ့။ လူနေရပ်ကွက်ထဲမှာ လမ်းသွယ်တွေ လမ်းဆုံတွေမှာ နှစ်ယောက်စီ၊ တချို့နေရာတွေမှာလည်း တစ်ယောက်စီ လက်နက်အပြည့်အစုံနဲ့ ရှိနေတယ်။ ပြီးတော့ လမ်းထဲတွေမှာပါ ကင်းပုန်းတွေ ချထားတာ တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ စောင့်ကြည့်နေတဲ့သူတွေတောင် ဒီတစ်ခေါက် တော်တော်လေး သတိထားနေရတယ်” ဟု ၎င်းက ပြောသည်။

အပိုင်း (၃) အတွက် စိုးရိမ်စိတ် လွန်ကဲနေသည့် စစ်တပ်သည် ယခုကဲ့သို့ လူနေရပ်ကွက်အတွင်းအထိ ဝင်ရောက်ပြီး မဲရုံစောင့်လုပ်ခြင်းမှာ ရပ်ကွက်နေ ပြည်သူလူထုကို လူသားဒိုင်းသဖွယ် အသုံးချသည့် သဘောဖြစ်နေသည်ဟု မြို့ခံများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်သူများက ထောက်ပြပြောဆိုကြသည်။

“လှိုင်သာယာမှာလည်း တပ်ထိပ်နားက မဲရုံမှာ လာသမျှကားတွေကို အကုန်တားပြီး စစ်နေတယ်။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး၊ သတင်းတွေ ရထားလို့လည်း ဖြစ်မှာပေါ့။ အပိုင်း ၃ က နေရာတွေက အကုန်လုံး ဇ ရှိတဲ့ နေရာတွေချည်းဆိုတော့ သူတို့လည်း နည်းနည်း လန့်နေလား မသိဘူး။ ပြီးတော့ အပိုင်း ၃ ပိုင်းလုံး အေးအေးချမ်းချမ်း ပြီးသွားပါတယ်ဆိုတာကို ပြချင်တဲ့ သဘောလည်း ရှိပုံရတယ်” ဟု လှိုင်သာယာ မြို့ခံတစ်ဦးက ဆိုသည်။

ယနေ့ ရွေးကောက်ပွဲ ကျင်းပချိန်တွင်လည်း မဲထည့်သူအရေအတွက်မှာ ယခင်အပိုင်း နှစ်ပိုင်းစလုံးကဲ့သို့ပင် မရှိသလောက် နည်းပါးနေပြီး မဲပေးသူများထဲတွင် အသက် ၅၀ အထက် အရွယ်များသာ အများဆုံးဖြစ်သည်ကို တွေ့ရသည်။

စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးကလည်း “မနက်က စစ်သားတွေကို ကားကြီးနဲ့ လာချသွားတာ။ ဒီမှာက မဲရုံက ဂျောင်တွေထဲမှာပါ လုပ်ထားတာ၊ လူနေရပ်ကွက်အတွင်းထဲမှာကို ဆောက်ထားတာလေ။ ဒီဘက်က လမ်းတွေက အကုန်လုံးက ဟိုဝင်ဒီထွက် ထွက်ပေါက်တွေများတော့ မဲရုံကို တစ်ခုခုလုပ်ပြီး ပြေးမယ်ဆိုရင် ပြေးလို့ရတဲ့ လမ်းတွေကနေပါ အကုန်အစောင့်ချထားတဲ့ သဘောပဲ။ လူတွေကတော့ ဝယ်စရာရှိတာဝယ်ပြီး အပြင်သိပ်မထွက်ကြတော့ဘူး။ မဲပေးပြီး ပြန်လာတဲ့သူဆိုရင်လည်း လက်မှာ စွန်းနေတဲ့မှင်ကို ချက်ချင်း ပြန်ဖျက်ကြတာ” ဟု မြင်တွေ့ခဲ့ရသည်များကို ပြောပြသည်။

ရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့ ဇန်နဝါရီ ၂၅ ရက်တွင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်၌ နံနက် ၆ နာရီမှစတင်၍ ကျင်းပနေခြင်းဖြစ်ပြီး ရန်ကုန်မြို့မှ မြို့နယ်ပေါင်း ၁၇ ခု ပါဝင်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

အဆိုပါ မြို့နယ် ၁၇ မြို့နယ်မှာ ဒဂုံ၊ လမ်းမတော်၊ ဆိတ်ကြီးခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) နှင့် လှိုင်သာယာ (အရှေ့ပိုင်း) တို့ ဖြစ်ကြသည်။