နွေဦးတော်လှန်ရေး ၅နှစ်တာကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းအသီးသီးတွင် တပ်ပြေးပြဿနာများကြုံတွေ့နေရပြီး ၎င်းတို့ကိုနိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန်လိုအပ်ကြောင်း မြေပြင်တပ်မှူးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကဆိုသည်။
ထိုသို့တပ်ပြေးပြဿနာများကြုံတွေ့ရခြင်းမှာ စစ်ပွဲ၏ တောင်းဆိုမှုအခြေအနေများနှင့်သက်ဆိုင်သကဲ့သို့ ခေါင်းဆောင်မှုအားနည်းချက်၊ စစ်ရေးဗျူဟာအားနည်းချက်နှင့် အုပ်ချုပ်ထောက်ပံ့မှုအားနည်းချက်များနှင့်လည်း အဓိကသက်ဆိုင်နေကြောင်း ယောဒေသမြေပြင်တပ်မှူးတစ်ဦးက MPAသို့ပြောသည်။
” တော်လှန်ရေးရဲ့အတက်ပိုင်းမှာရော၊ အကျပိုင်းမှာပါ တပ်ပြေးပြဿနာကရှိပါတယ်။ ရှေ့တန်းမှာအနေများရင် စစ်တိုက်တာကြာလာရင် ငြီးငွေ့တာ၊စိတ်ပျက်တာ၊ စိုးရိမ်ကြောက်လန့်တာ၊ လက်လျှော့တာမျိုးတွေက ဖြစ်လေ့ရှိပါတယ်။ တပ်ပြေးတာရဲဘော်တွေချည်းပဲမဟုတ်ပါဘူး။ တပ်မှူးတွေလည်းပြေးတာမျိုးရှိပါတယ်။ ရန်သူ့ဘက်ကလည်း ပြေးတာပါပဲ ” ဟု ၎င်းကဆိုသည်။
တပ်ပြေးပြဿနာများသည် တပ်ပိုင်းဆိုင်ရာခေါင်းဆောင်မှုပြဿနာ၊ ရဲဘော်များ၏နောက်ခံမိသားစုစားဝတ်နေရေးအခြေအနေနှင့် ရဲဘော်များ၏တော်လှန်ရေးစိတ်ဓာတ်များအား ဆွဲမတင်နိုင်ခြင်းတို့ကြောင့်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့အသီးသီးအနေဖြင့် ၎င်းပြဿနာများနှင့်ပတ်သက်၍ အချိန်မီအဖြေရှာရန်လိုအပ်ကြောင်း ယင်းမာပင်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီမှ ကိုလွမ်းသူက MPAသို့ပြောသည်။
” ဘာကြောင့်ဒီလိုမျိုးထွက်ပြေးနေရတာလဲ၊ ဘယ်လိုစိန်ခေါ်ချက်တွေရှိနေတာလဲဆိုတဲ့ တကယ့်အခြေခံအကြောင်းတရားတွေကို ကျနော်တို့ရှာဖွေဖို့လိုမယ်။ အဲ့ဒီရှာဖွေတွေ့ရှိလာတဲ့အချက်အလက်တွေပေါ် မူတည်ပြီးမှ ရုပ်ပိုင်းဆိုင်ရာ၊ ကိုယ်ကာယပိုင်းဆိုင်ရာသက်သက်တင်မကသော တကယ့်ကိုဉာဏ်ပညာ၊ အတွေးအခေါ် လက်ရုံးရည်နှလုံးရည်နဲ့ပြည့်စုံတဲ့ စစ်သားကောင်းတွေဖြစ်ဖို့ကို ကဏ္ဍအလိုက်တာဝန်ယူထားတဲ့ခေါင်းဆောင်တွေ အဖွဲ့အစည်းအသီးသီးတွေဟာ သေသေချာချာ အချိန်မီချုပ်အစုတ်သက်သာဆိုသလို ပြင်ဆင်ရမယ်လို့ ကျနော်ရှုမြင်ပါတယ် “ဟု ၎င်းကဆိုသည်။
တော်လှန်ရေးအဖွဲ့အစည်းအသီးသီးအနေဖြင့် မိမိထက်အဘက်ဘက်မှ အင်အားသာလွန်ကြီးမားသော စစ်အုပ်စုယန္တရားကြီးနှင့်တိုက်ခိုက်နေရခြင်းဖြစ်ပြီး မိမိတို့ဘက်တွင် လူထုအားရှိကြောင်း၊ လူထုအင်အားကိုအကျိုးရှိစွာအသုံးချ၍ တော်လှန်ရေးအနှစ်သာရမပျောက်ပျက်အောင်ဆုပ်ကိုင်ထားဖို့လိုအပ်ကြောင်း ယောဒေသမြေပြင်တပ်မှူးက MPAသို့ပြောသည်။
” တော်လှန်ရေးရဲ့ရည်မှန်းချက်အစစ်အမှန်ဖြစ်တဲ့ လူထုအာဏာရရေးဆီကိုဦးတည်ရမယ်။ ဒီအချက်တွေနဲ့ တော်လှန်ရေးရဲဘော်တွေကို သိမြင်မှုခွန်အားပေးရမယ်။ နိုင်ငံရေးအရ တည်ဆောက်ထားဖို့လိုမယ်။ တဖက်မှာလည်း တပ်ကိုတပ်နဲ့တူအောင်တည်ဆောက်ထားရမယ် ” ဟု ၎င်းကဆိုသည်။
ယင်းအပြင် တော်လှန်ရေး၏စစ်ရေးလမ်းစဥ်သည် ရေရှည်စစ်ဖြစ်၍ မိမိတို့တော်လှန်ရေးတပ်များအနေဖြင့် မရှိရာကရှိရာ၊ ငယ်ရာကကြီးရာသို့သွားနေခြင်းဖြစ်ပြီး လိုအပ်ချက်၊ အားနည်းချက်နှင့် ချို့ယွင်းချက်များကို ပြုပြင်ကာ တော်လှန်သည့်တပ်မတော်သားများဖြစ်လာအောင် တည်ဆောက်ဖို့လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် နွေဦးတော်လှန်ရေး(၅)နှစ်တာကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းအသီးသီးအနေဖြင့် အင်အားပြုန်းတီးမှုများကိုကြုံတွေ့လာရပြီး ယင်းအခြေအနေများကိုဖြေရှင်းရာ၌ နယ်မြေခံကျေးရွာများမှ အတင်းအဓမ္မ တပ်သားတောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကို လုပ်ဆောင်နေမှုများလည်းရှိနေသည်။
ထိုသို့ပေါ်တာဆွဲခြင်း၊ ကျေးရွာများမှလူတောင်းရခြင်းကိစ္စများသည် လူထုကိုမစည်းရုံးနိုင်၍ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လူထုကိုတော်လှန်စစ်ပွဲအတွင်း ပါဝင်လာရန် စည်းရုံးလှုံ့ဆော်ထားရန်လိုအပ်ကြောင်းနှင့် စစ်ရေးနှင့်နိုင်ငံရေး ဟန်ချက်ညီစွာလှုပ်ရှားဆောင်ရွက်မှုရှိရန် လိုအပ်ကြောင်း ယောဒေသမြေပြင်တပ်မှူးက MPAသို့ပြောသည်။
” ဒီတော်လှန်ရေးဖြစ်စဥ်ကြီး တလျှောက်လုံးမှာ လူထုကတာဝန်ကျေပါတယ်။ နေစရာ၊ ရိက္ခာငွေကြေး၊ သတင်းအချက်အလက်၊ ကိုယ့်သွေးသားအရင်းကအစ အကုန်ပေးထားပြီးသားပါ။ လူထုကိုတော်လှန်ရေးထဲ မြှုပ်နှံလာအောင် ကျတော်တို့စည်းရုံးထားဖို့လိုပါတယ်။ တစ်နေ့မှာ သူတို့ဒေသနယ်မြေလွတ်မြောက်ဖို့ သူတို့လိုချင်တဲ့ဒီမိုကရေစီရဖို့ သူတို့လက်နဲ့တိုက်ယူပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။
စစ်အာဏာရှင်တိုက်ဖျက်ရေး၌ တပ်သားအင်အားလိုအပ်သည်မှာမှန်သော်လည်း အတင်းအဓမ္မပေါ်တာဆွဲ၍ တပ်သားသစ်စုဆောင်းခြင်းသည်အဖြေမဟုတ်ဘဲ တိုင်းပြည်လွတ်မြောက်ရေးနှင့် လက်နက်ကိုင်တော်လှန်လိုစိတ်များအား မွေးမြူပေး၍ မိမိတပ်အားကောင်းမွန်စွာ တည်ဆောက်ရန်လိုအပ်ကြောင်း ကိုလွမ်းသူက MPAသို့ပြောသည်။
” အကယ်၍ ၅နှစ်ကာလသက်တမ်းမှာ တပ်ကိုတပ်ပုံကျအောင်မတည်ဆောက်ဘဲနဲ့ အတင်းအဓမ္မပေါ်တာဆွဲတယ်ဆိုရင်တော့ ကောင်းကျိုးထက်ဆိုးပြစ်ပိုများမယ်လို့ ကျနော်မြင်ပါတယ်။ ဘယ်လိုဆောင်ရွက်သင့်လဲဆိုရင် ကဏ္ဍအလိုက်တာဝန်ယူထားသူတွေရဲ့ အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ပြီးတော့မှ ကျနော်တို့ရဲ့ အသွေးအသားထဲက တော်လှန်စိတ်ကို လှုပ်နိုးမယ့်အခင်းအကျင်းတွေကို ဖန်တီးပေးဖို့လိုပါမယ်”ဟု ၎င်းကဆိုသည်။
ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့ ဒေသအသီးသီးတွင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့စိုးမိုးနယ်မြေများတွင် တပ်သားသစ်စုဆောင်းရေး ပေါ်တာဆွဲခြင်းများပြုလုပ်လာသည်ကို ခပ်စိပ်စိပ်ကြားသိလာရပြီး လူငယ်အများအပြား ဘေးလွတ်ရာရှောင်တိမ်းနေကြရကြောင်းကိုလည်း ကြားသိနေရသည်။
