မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်တွင် မဲထွက်မပေးလျှင် ဖမ်းဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်ခဲ့သော်လည်း ပြည်သူများ မဲပေးမှု နည်းပါးကြောင်း သိရသည်။
ယနေ့ ( ဇန်နဝါရီ ၂၅ရက် )တွင် မလှိုင်မြို့ပေါ်ရှိ ရပ်ကွက် ၄ ခု၌ မဲရုံ ၂၀ ထက်မနည်း ဖွင့်လှစ်ထားပြီး ပြည်သူများ မဲပေးမှုနည်းပါးကာ လမ်းမများပေါ် စစ်သားများမှအပ လူရှင်းလင်းနေကြောင်း လူထုသတင်းကွန်ယက် – မလှိုင်မြို့ ထံက သိရသည်။
” မဲပေးသူနည်းပါတယ်။ မနက်ပိုင်းကတော့ ကြံ့ဖွံ့ထောက်ခံသူနဲ့ မကင်းရာမကင်းကြောင်း ကြောက် ရတဲ့သူတွေလောက် ပေးကြတယ်သိရပါတယ်။ မနေ့က မဲပေးဖို့ လက်မှတ်တွေ လိုက်ပေးရင်း မဲမပေးလို့မရဘူး။ ပေးဖြစ်အောင်ပေးရမယ်လို့ အုပ်ကြီးတွေ ခြိမ်းခြောက်တော့ ကြောက်တဲ့သူတွေ သွားပေးကြတာပေါ့။ မြို့ပေါ်မှာ အခုချိန်လူမရှိတော့ပါဘူး ” ဟု ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် လူထုသတင်းကွန်ယက် – မလှိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
ရွေးကောက်ပွဲမတိုင်ခင် ၂ရက်အလို၊ ဇန်နဝါရီ ၂၃ရက်က မလှိုင်မြို့ပေါ်တွင် လုံခြုံရေးယူထားကြ သည့် စစ်သားများက မဲထွက်မပေးလျှင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
” ပြည်သူတွေအိမ်ထဲကနေ မထွက်ကြတော့ ရပ်ကွက်တွေထဲ လိုက်ခေါ် ၊အိမ်တံခါးလာခေါက် တာတွေတော့ မရှိပါဘူး။ စက်နဲ့တော့ မဲလာထည့်ကြဖို့ နှိုးဆော်တာတွေ လိုက်အော်တယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
မလှိုင်မြို့ပေါ်တွင် စစ်သားအင်အား ၅၀၀ ခန့်ရှိနေပြီး မြို့အနှံ့၌ လုံခြုံရေးချထားကာ မြို့အဝင်အထွက်နေရာများတွင် အင်အားပိုချထားကြောင်း သိရသည်။
ဇန်နဝါရီ ၂၂ရက်ကစ၍ မလှိုင်မြို့နယ်တွင် ခရီးသည်တင်ယာဉ်များ သွားလာမှုကို ပိတ်ပင်ခဲ့သည်။
မလှိုင်မြို့နယ်တွင် ရပ်ကွက် ၄ခုနှင့်ကျေးရွာအုပ်စု ၅၂ အုပ်စုရှိသည့်အနက် ၃၄အုပ်စုတွင် ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် ထုတ်ပြန်သော စာရင်းအရ မလှိုင်မြို့ပေါ်တွင် လူဦးရေ ၁၄၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။
