ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ်တွင် မဲလာပေးသူနည်းသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့က အိမ် တိုင်ရာရောက် လိုက်လံခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ယနေ့ ( ဇန်နဝါရီ ၂၅ရက် )နံနက်ပိုင်းတွင် သဲကုန်းမြို့ပေါ်၌ မဲလာပေးသူနည်းသဖြင့် သက်ဆိုင်ရာ ရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးက အိမ်တိုင်ရာရောက် လိုက်လံ ခြိမ်းခြောက်ခေါ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
” မနက်ပိုင်းတစ်လျှောက်လုံး ဘယ်သူမှ မဲထွက်မပေးကြဘူး။ နေ့ခင်းပိုင်းကျတော့ ရာအိမ်မှူး၊ဆယ် အိမ်မှူးတွေက တစ်အိမ်ဝင် တစ်အိမ်ထွက် မဲစာရင်းနံပါတ်တွေ လိုက်ပေးပြီး ညနေမဲလာထည့်ရ မယ်။ မပေးရင် အရေးယူခံရမယ်လို့ ပြောသွားတယ် ” ဟု သဲကုန်းမြို့ခံတစ်ဦးက MPA ကို ပြောသည်။
မဲမပေးပါက မည့်သို့မည်ပုံ အရေးယူမည်ကို ပြောကြားခြင်းမရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
” ရပ်ကွက်လူကြီးတွေပဲ လာတာပါ။ စစ်သားတွေတော့ မပါဘူး။ အိမ်အထိ လာပြောတော့ ထွက်မဲပေးတဲ့လူ အနည်းအကျဉ်းတော့ရှိပါတယ် ” ဟု ၎င်းကပြောသည်။
သဲကုန်းမြို့ပေါ်တွင် လုံခြုံရေးတင်းကျပ်ထားပြီး စစ်သားများ မကြာခဏ ကင်းပတ်နေကြောင်းလည်း သိရသည်။
သဲကုန်းမြို့နယ်တွင် ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအုပ်စု ၄၉ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု ၁၀ စု ၌ ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်အရ သဲကုန်းမြို့ပေါ်၌ လူဦးရေ ၂၇၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။
