စစ်ရှောင်စာသင်ကျောင်းကို ဗုံးကြဲပြီး အေအေတပ်ဖွဲ့ဝင်များအပေါ် ဗုံးကြဲဟု စစ်တပ် သတင်းအတုဖြန့်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာရှိ စစ်ရှောင်များ နေထိုင်ရာ စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲမှု အား စစ်လော်ဘီများက အေအေတပ်ဖွဲ့ဝင်များအပေါ် ဗုံးကြဲဟူ၍ သတင်းအတု ဖြန့်ဝေနေကြသည်။

“Ka Ka Han” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဇန်နဝါရီ ၂၄ရက် ညပိုင်းတွင် Narinjara သတင်းဌာန၏ စစ်ရှောင် စာသင်ကျောင်း ဗုံးကြဲခံရမှုဖြစ်စဉ်အကြောင်း ရေးထားသော သတင်းScreenshot နှင့် အတူ သတင်း အတုဖြန့် ဝေထားခြင်းဖြစ်သည်။

စာသင်ကျောင်းအတွင်း တိုက်ပွဲအတွင်း ဒဏ်ရာရရှိထားသော အေအေတပ်ဖွဲ့ဝင်များ ဆေးကုနေသည်ဟု သတင်း ရသဖြင့် ဗုံးကြဲရခြင်းဖြစ်ကြောင်း၊ ဗုံးကြဲခံရသဖြင့် အေအေတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့သည်ဟု ရေးသား ဖြန့်ဝေထားခြင်းဖြစ်သည်။

သတင်းအတုလင့်ခ်များ
Ka Ka Han – https://archive.ph/X0hBS
စစ်သွေး – https://archive.ph/X3Ox4
စွမ်းအားရှင် – https://archive.ph/6o6DC

စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာကို အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအတုဖြစ် ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

စစ်တပ်လော်ဘီများက Narinjara သတင်း Screenshot ကို တင်ထားသဖြင့် စစ်ဆေးကြည့်ရာ သတင်းဖြစ်စဉ် အပြည့်အစုံ ရေးသားထားသည်။

Narinjara သတင်းတွင် မူရွင်းရွာစာသင်ကျောင်းကို စစ်ကော်မရှင်လေတပ်က အသေခံဒရုန်းနှစ်စီးဖြင့် ဗုံးကြဲ သဖြင့် စစ်ရှောင်နှစ်ဦးသေဆုံးပြီး ကိုးလအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရကြောင်း ရေးထား သည်။ သတင်းလင့်ခ် – https://bitly.cx/Hahgv

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ကျောက်ဖြူ မရွန်းရွာ စာသင်ကျောင်း ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ ရခိုင်ဒေသတွင်း မီဒီယာများနှင့် သတင်းမီဒီယာများစွာက သတင်း ရေးသားဖော်ပြထားကြသည်။

သတင်းများတွင် ဇန်နဝါရီ ၂၄ ရက် နေ့လည် ၁၂နာရီ ၅၀ကျော်၌ စစ်ကောင်စီက အသေခံဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ စစ်ဘေးရှောင် ၂ ဦး သေဆုံးပြီး လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းရွာသူ ဒေါ်ဖြူနုမ (၈၁ နှစ်)နှင့် ဦးမှဲဒေါင်း(၅၆ နှစ်) တို့ဖြစ်ပြီး ဒဏ်ရာရရှိသွားသူများမှာ စိုင်ခြုံဒွိန်ရွာမှ မောင်အေးမင်းခိုင် (၉ လ)၊ ဒေါ်ခင်ဆန်းဝင်း (၃၄ နှစ်)၊ သိုင်းချောင်းရွာမှ ဒေါ်မမြရင် (၅၆ နှစ်)၊ ဇိုင်ချောင်းရွာမှ ဒေါ်ဘနုမ (၆၇ နှစ်)နှင့် ဦးမောင်ကျော်(၆၃ နှစ်) တို့ဖြစ်ကြောင်း သတင်း များတွင် အတိအကျ ဖော်ပြထားကြသည်။

သတင်းလင့်ခ်များ

DMG – https://bitly.cx/6BAUv
သံလွင်ခက် – https://bitly.cx/6QoRa
MPA – https://bitly.cx/Nno4
DVB – https://bitly.cx/ZzB5

စိတ်ချယုံကြည်ရသော သတင်းများတွင် စစ်ရှောင်များနေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ နှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားကြသည်။

ထို့ကြောင့် စစ်တပ်လော်ဘီများက အေအေတပ်ဖွဲ့ဝင်များကို ဗုံးကြဲဟု ဖြန့်ဝေနေသော အကြောင်းအရာသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်းအတု ဖြန့်ဝေထားခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။