သုံးခွတွင် မဲမပေးသူများကို မြို့ပြင်ထွက်ခွင့်မပြု

ဓာတ်ပုံ- Information and Public Relations Department
ပုံစာ- သုံးခွမြို့ပေါ်တွင် ယာဉ်စစ်ဆေးနေစဉ်။(ပုံဟောင်း)

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့တွင် မဲမပေးသူများကို မြို့ပြင်ထွက်ခွင့်မပြုကြောင်း သိရသည်။

ယနေ့(ဇန်နဝါရီ၂၅ရက်)တွင် ရန်ကုန်ဘက်အထွက် သုံးခွမြို့ထိပ်၌ စစ်အုပ်စုဝင်များက ကားများကို ရပ်တန့်ကာ လက်သန်းမင်တို့ထားခြင်းရှိ၊မရှိ စစ်ဆေးကာ မင်မတို့ထားသူများအား မြို့ထဲသို့ ပြန် လွှတ်ကြောင်း သုံးခွမြို့တောင်ပိုင်းနေ အိမ်ရှင်မတစ်ဦးထံက သိရသည်။

“ကျမတို့ သုံးခွကနေ ရန်ကုန်ဘက် အလုပ်သွားကြတဲ့သူတွေရှိတယ်လေ။ဒီနေ့ လက်သန်းစစ်ပြီး တော့ မင်မတို့ထားရင် မဲပြန်ပေးခိုင်းတယ်။မဲမပေးရသေးရင် မြို့ပြင်ပေးမထွက်ဘူးပေါ့။ပြန်လာရတဲ့ သူတွေ ပြောပြတာ”ဟု ၎င်းက MPAသို့ပြောသည်။

ယနေ့နံနက်ပိုင်းတွင် သုံးခွ-ရန်ကုန် ၃၄ ခရီးသည်တင်ယာဉ် စီးသွားသူများကို မြို့ထိပ်၌ စစ်ဆေးခဲ့ ကြောင်းလည်း သုံးခွမြို့၊အောင်ဇေယျလမ်းနေ အမျိုးသားတစ်ဦးက ပြောသည်။

“မင်မတို့ထားရင် အငေါက်ခံရတယ်။ကားပေါ်ကနေ မောင်းချတယ်။ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ပြီး မဲပြန်ပေးပဲ။ကျနော်နဲ့သိတဲ့ ရန်ကုန်ဈေးသွားရောင်းတဲ့တစ်ယောက် ပြန်လှည့်လာရတယ်”ဟု ၎င်းက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် သုံးခွမြို့ပေါ်၌ မဲပေးသူ အတန်အသင့်များပြီး ညနေပိုင်းတွင်မူ မရှိသလောက်ပါး ကြောင်း သိရသည်။

“မဲပေးတဲ့သူတွေက ကြောက်လို့ပေးတာ။ပျော်ပြီးပေးတာက ကြံ့(ကြံ့ဖွံ့)တွေပဲ ရှိတယ်။မပေးတဲ့သူ တွေလည်း ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့နံနက် ၁၀နာရီခန့်နှင့် မွန်းလွဲ၂နာရီဝန်းကျင်တို့တွင် မြို့ပေါ်ရပ်ကွက်များ၌ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မဲလာပေးကြရန် လော်စပီကာဖြင့် လိုက်လံဆော်ဩသော်လည်း မဲပေးရန် ဖိအားပေးခြိမ်းခြောက်ခြင်းမျိုး မရှိ ကြောင်း သိရသည်။

ယနေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ ၁၇မြို့နယ်၌ ရွေးကောက်ပွဲအပိုင်း၃ ပြုလုပ်ခဲ့သည်။