စိုက်ပျိုးစရိတ်နှင့် လုပ်အားခ မြင့်တက်နေသော်လည်း ထီးလင်းတွင် စပါးတစ်တင်း ကျပ် ငါးသောင်းခန့်သာစျေးရ

ဓာတ်ပုံ-ပေးပို့
ပုံစာ - ယောဒေသအတွင်းရှိ စပါးခင်းအချို့အား တွေ့ရစဥ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၌ ၁၆ ပြည် ဆန်တစ်တင်းလျှင် ၅၀,၀၀၀ ကျပ်သာ ဈေးပေါက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း စပါးစိုက်ပျိုးချိန်တွင် ရာသီဥတုကောင်းမွန်ခဲ့သော်လည်း စပါးရိတ်သိမ်းသည့် အောက်တိုဘာနှင့် နိုဝင်ဘာလပိုင်းများ၌ မိုးများသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် စပါးခင်းအချို့ ရေနစ်မြုပ်ပျက်စီးခဲ့ပြီး အထွက်နှုန်းများလည်း လျော့ကျခဲ့ကာ၊ ကောင်းမွန်စွာ ရိတ်သိမ်းနိုင်ခြင်းလည်း မရှိကြောင်း သိရသည်။

“အထွက်နှုန်းကျသွားတာကလည်း အရင်က သုံးဆကို အခု တစ်ဆလောက်ပဲ ရကြတော့တယ်။ စပါးတွေပွင့်တော့မှ မိုးတွေကရွာတော့ နေပြန်လှန်းလည်း မကောင်းတော့ဘူး။ မိုးများတဲ့အပြင် လယ်ကြွက်တွေကလည်း အရမ်းသောင်းကျန်းတာလည်း ပါတယ်။ ဒီဘက်မှာ စပါးဈေးတအားကျသွားတာ ဆန်တစ်ပြည် ၃,၀၀၀ တဲ့။ ဈေးကတော့ ၅၅,၀၀၀ နဲ့ ၅၀,၀၀၀၊ ၄၈,၀၀၀ ဝန်းကျင်ပဲ ရကြတယ်” ဟု ဒေသခံ လယ်လုပ်ငန်းလုပ်ကိုင်သည့် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

၂၀၂၆ ခုနှစ်၌ မျိုးကောင်းမျိုးသန့် စပါးတစ်တင်းလျှင် တစ်သိန်းကျော်ဝန်းကျင်အထိ ဈေးပေါက်နေပြီး လက်ရှိတွင် ဒေသခံများအနေဖြင့် မျိုးစပါးများလည်း ဝယ်ယူခြင်း မရှိသေးကြောင်း သိရသည်။

“ဒီနှစ် မျိုးစပါးက ၁ သိန်းကျော်တယ်၊ မနှစ်ကတော့ ၁၀၅,၀၀၀ ပေးရတယ်။ ဒီနှစ်က မဝယ်ကြသေးဘူး။ စပါးစိုက်ချိန်ရောက်မှ ဝယ်ကြတာများတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ထီးလင်းမြို့နယ်အတွင်းရှိ လယ်များတွင် ဂျပန်ခွံဝါ၊ ဆင်းသုခ၊ မနောသုခ၊ ထိုင်းနှံကောက်၊ ဧရာမင်းစပါးမျိုးများကို အများဆုံး စိုက်ပျိုးကြပြီး၊ ကြက်သွန်၊ စားတော်ပဲ၊ မုန်ညှင်း၊ ကုလားပဲ၊ မြေပဲ၊ ဝါ၊ ပြောင်းဖူး၊ နေကြာနှင့် ပဲစင်းငုံ စသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြသည်။

“စပါးဈေးက မကောင်း၊ စပါးကလည်း မကောင်းဘူး။ သီးနှံတွေကလည်း ကိုယ်စိုက်၊ ကိုယ်စားရုံပဲ။ ခရမ်းချဉ်သီးတစ်ပိသာ ၅,၀၀၀၊ ပန်းဂေါ်ဖီတစ်ပွင့် ၂,၅၀၀၊ မုန်လာတစ်ထုပ် ၂,၀၀၀ ရှိတယ်။ ရွာတွေထဲမှာတော့ လိုက်ပြီး ရောင်းတာတွေတော့ ရှိတယ်။ ဆီဆိုရင်လည်း ကိုယ့်အိမ်အတွက်ကိုယ်ပဲ ကြိတ်ကြတာ” ဟု အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှု၊ အခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် လယ်ယာလုပ်ငန်းသွင်းအားစု ဈေးနှုန်းများ အဆမတန်မြင့်တက်နေသော်လည်း စပါးဈေးနှုန်းမှာ သိသိသာသာမြင့်တက်လာခြင်းမရှိသောကြောင့် တောင်သူများ ပိုမိုခက်ခဲနေခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိက အားထားသည့် နိုင်ငံတစ်ခုဖြစ်သော်လည်း စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းမြင့်တက်နေခြင်းအပေါ် စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် စက်သုံးဆီဈေးနှင့် လုပ်အားခဈေးကြီးမြင့်မှုများကြောင့် တောင်သူလယ်သမားများသည် နှစ်စဉ်နှင့်အမျှ အရှုံးနှင့်သာ ရင်ဆိုင်နေကြရသည်။