နိုင်ငံတကာတရားရုံး (ICJ) တွင် သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံဂုဏ်ပြုပွဲကို ယနေ့ ဇန်နဝါရီ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့၌ ကျင်းပခဲ့ရာ အစွန်းရောက် အမျိုးသားရေးဝါဒီ မဘသ ဘုန်းကြီး အရှင်သုစိတ္တက ငါးပါးသီလကို ကိုးကား၍ လူမျိုးတုံးသတ်ဖြတ်မှု မရှိနိုင်ကြောင်း ဟောကြားခဲ့သည်။
အဆိုပါ ထောက်ခံပွဲတွင် ဟောကြားခဲ့သည့် ဘုန်းကြီးက “ငါးပါးသီလ လုံအောင်ထားပြီး ပါဏာတိပါတကံအရ တိရစ္ဆာန်လေးတောင် မသတ်ရတဲ့နိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု လုပ်ပါ့မလား” ဟု ပရိသတ်များအား မေးခွန်းထုတ် ဟောကြားသွားခြင်း ဖြစ်သည်။
သို့သော်လည်း အဆိုပါ ဟောကြားချက်သည် အစွန်းရောက် အမျိုးသားရေးဝါဒီ သံဃာအချို့၏ ယခင်က ပြောကြားချက်များနှင့် ကွဲလွဲနေကြောင်း ဝေဖန်မှုများ ရှိနေသည်။
အထူးသဖြင့် သီတဂူဆရာတော်ကဲ့သို့သော ထိပ်သီးသံဃာအချို့က ဘာသာမတူသူများကို သတ်ဖြတ်ခြင်းသည် ငရဲမကြီးကြောင်း “ဒုဋ္ဌဂါမဏိမင်းကြီး” ဇာတ်လမ်းကို ကိုးကား၍ ဟောကြားခဲ့ဖူးသည့် သာဓကများ ရှိခဲ့ရာ ယခုကဲ့သို့ ICJ တွင် အနိုင်ရရှိရေးအတွက် ပါဏာတိပါတကံ ကို ရှေ့တန်းတင် ပြောဆိုလာခြင်းမှာ ပါးစပ်စည်းကမ်းမရှိ ပြောဆိုခြင်းသာ ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။
” အစွန်းရောက်ဘုန်းကြီးတွေက အတော်ရယ်စရာကောင်းတယ်။ အခုမှ တိရစ္ဆာန်တောင် မသတ်ရဘူးဘာညာနဲ့ သီတဂူဘုန်းကြီးဆို ဘာသာမတူလို့သတ်တာ ငရဲမကြီးဘူးဟောခဲ့တယ်။ ICJ မှာ အနိုင်ရဖို့ ပါးစပ်စည်းကမ်းမရှိပြောတတ်ကြတယ် “
ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုများအရ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ စစ်ဆင်ရေးတွေ အရှိန်မြင့်လာခဲ့ပြီး သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကျေးရွာတွေ မီးရှို့ခံရမှုများအကြား ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဆီ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။ လက်ရှိတွင်လည်း ရိုဟင်ဂျာ တစ်သန်းနီးပါးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည်များအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။
ယနေ့ပြုလုပ်သည့် ထောက်ခံပွဲသို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများနှင့် သံဃာတော်အချို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မဘသဘုန်းကြီး အရှင်သုစိတ္တ၊ ဝင်းကိုကိုလတ်နှင့် ထိန်လင်းတို့က ဦးဆောင်ဟောပြောခဲ့ကြခြင်း ဖြစ်သည်။
“လူကတော့ ထောင်ချီလောက်ရှိတယ်။ အတီးအမှုတ်တွေနဲ့တွေ့တာပဲ”ဟု လမ်းသွားလမ်းလာ ပြည်သူတစ်ဦးက MPA ကို ပြောသည်။
ဟောပြောချက်များအတွင်း မဘသဘုန်းကြီး အရှင်သုစိတ္တက ငါးပါးသီလနှင့် ဗုဒ္ဓဘာသာကျင့်စဉ်များကို ကိုးကား၍ မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု မရှိကြောင်း ထည့်သွင်းဟောကြားခဲ့ပြီး ICJ တွင် တရားရင်ဆိုင်နေရသည့် အမှုအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ဘက်မှ ရပ်တည်ကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အရှင်သုစိတ္တသည် NLD အစိုးရလက်ထက်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ဆူပူလှုံ့ဆော်မှု စသည့် ပုဒ်မများဖြင့် မြို့နယ်ရဲစခန်း အသီးသီးတွင် အမှုဖွင့်ခံခဲ့ရပြီး ဖမ်းဝရမ်းများစွာ ထွက်ရှိခဲ့သူ ဖြစ်သည်။ သို့သော် ထိုစဉ်က စစ်တပ်၏ အကာအကွယ်ပေးထားမှုကြောင့် ဥပဒေအရ ဖမ်းဆီးအရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်ခဲ့သူဖြစ်သည်။
ထို့အပြင် အရှင်သုစိတ္တသည် အမျိုးသားရေးသမားတစ်ဦးဖြစ်သူ “ကပ္ပိယ” (နာမည်ပြောင်) ၏ ဇနီးဖြစ်သူအပေါ်၌လည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်း၏ ကျောင်းသို့ ရောက်ရှိလာစဉ် အခန်းရှင်းလင်းပေးရန် ခိုင်းစေခဲ့ပြီးနောက် အခန်းတံခါးကို ဂျက်ထိုးပိတ်ကာ အတင်းအဓမ္မ မုဒိမ်းကျင့်ခဲ့သည်ဟုလည်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သေးသည်။
အဆိုပါ မြန်မာအပေါ် စွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုအမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ ICJ တရားရုံးတွင် ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် အဖွဲ့က ရင်ဆိုင်ဖြေရှင်းနေရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့် ICJ တရားရုံးတွင် ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တစ်ကြိမ်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ပြန်လည်ချေပ လျှောက်လဲခွင့် ရှိနေသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟူသော စွပ်စွဲချက်ဖြင့် ICJ တွင် တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး အစွန်းရောက် သံဃာအုပ်စုများကမူ ၎င်းတို့၏ ဘာသာရေးအမြင်များကို အသုံးပြု၍ ခုခံကာကွယ်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။
