အီရန်က စစ်ကော်မရှင်ကို လေယာဉ်ဆီ တရားမဝင် ပို့ပေးနေသည့်ကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်လွှတ်တော်သို့ စာရေးသားပေးပို့ တိုင်ကြားကြရန် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက တိုက်တွန်းနှိုးဆော်လိုက်သည်။
ရိုက်တာသတင်းဌာန၏ နောက်ဆုံးရ စုံစမ်းဖော်ထုတ်ချက်အရ အီရန်နိုင်ငံသည် စစ်ကော်မရှင်ထံ လေယာဉ်ဆီနှင့် ယူရီးယားများကို လျှို့ဝှက်သင်္ဘောများ (Shadow Fleet) ဖြင့် ပို့ဆောင်ပေးနေသည်ကို အခိုင်အမာ သိရှိရကြောင်း ယင်းပို့ဆောင်မှုများသည် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ ပိုမို ဆိုးရွားလာစေကြောင်း ဦးဂျိမ်းရွှေက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးသားထားသည်။
ရိုက်တာသတင်းက စစ်ကော်မရှင်သည် အမေရိကန်၏ ရန်ဘက်အီရန်နိုင်ငံအပေါ် မှီခိုနေရကြောင်း သက်သေပြနေပြီး အီရန်နှင့် ပူးပေါင်းနေသော စစ်ကော်မရှင်ကို အသိအမှတ်ပြုခြင်းသည် အမေရိ ကန်၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း ထောက်ပြကြရမည်ဟု အမေရိကန်ရောက် မြန်မာများအား ဦးဂျိမ်းရွှေ က တိုက်တွန်းလိုက်သည်။
“ထရမ့်အစိုးရရဲ့ မြန်မာ့အရေးသဘောထားဟာ ဘာမှမရေရာပေမဲ့ အမေရိကန်လွှတ်တော်ကတော့ ဒီနေ့အချိန်ထိ မြန်မာ့နွေဦးဘက်ကနေ အခိုင်အမာရပ်တည်နေတာ တွေ့ရတယ်။ဒါ့ကြောင့် လွှတ် တော်လမ်းကြောင်းကနေ အမေရိကန်နံပါတ်တစ်ဆိုတဲ့ပေါ်လစီကိုကိုင်ပြီး ထိုးဖောက်တာဟာ ရလဒ် ကောင်းတွေ ထွက်လာဖို့ နီးစပ်နိုင်ပါမယ်။ဘာမှမရရင်တောင် ထရမ့်အစိုးရက ဆန့်ကျင်ဘက်ရပ် တည်ချက်မျိုး မဖြစ်သွားရင် ကျနော်တို့ မရှုံးဘူးပေါ့”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက MPAသို့ မှတ်ချက်ပြုသည်။
ဝါရှင်တန်ဒီစီရှိ စစ်ကော်မရှင် လော်ဘီများက မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် မြေရှားသတ္တု ရရှိရေး အတွက် အမေရိကန်အစိုးရအနေဖြင့် စစ်ကော်မရှင်နှင့် ဆက်ဆံရေး ပုံမှန်ပြန်လုပ်သင့်သည်ဟု ဝါဒဖြန့် ပြောဆိုနေကြောင်းလည်း ဦးဂျိမ်းရွှေက ဆိုသည်။
အမေရိကန်ရောက်မြန်မာများအနေဖြင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ရ မည့်စာနှင့် ဆက်သွယ်ရမည့်နည်းလမ်းကိုလည်း ဦးဂျိမ်းရွှေက ဖော်ပြထားသေးသည်။
အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ တစ်နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅၀၀၀ ခန့်ကို Reef နှင့် Noble အမည်ရ သင်္ဘောများဖြင့် လျှို့ဝှက် တရားမဝင်တင်ပို့ခဲ့ကြောင်း ယင်းသင်္ဘောများ၏ ခရီးလမ်းကြောင်းကို အီလက်ထရောနစ်နည်းဖြင့် လိမ်ညာဖော်ပြကာ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများအား ရှောင်လွှဲခဲ့ကြောင်း ရိုက်တာသတင်းက စုံစမ်း ဖော်ထုတ်ရေးသားထားသည်။
