တောင်ကိုရီးယား သမ္မတဟောင်း၏ဇနီး လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် လ ၂၀ ချမှတ်ခံရ

ဓာတ်ပုံ - Joint Press Corps
ပုံစာ - သမ္မတဟောင်း ယွန်းဆက်ယို၏ဇနီး ကင်မ်ကွန်ဟီး ဩဂုတ်လ ၁၂ ရက်နေ့က ဆိုးလ်ဗဟိုခရိုင်တရားရုံးသို့ ဝင်ရောက်လာစဉ်

တောင်ကိုရီးယာသမ္မတဟောင်း၏ ဇနီး ကင်မ်ကွန်ဟီးသည် နိုင်ငံရေးအရ ကျေးဇူးတုံ့ပြန်မှုများပြုလုပ်ရန် Unification Church တာဝန်ရှိသူများထံမှ လာဘ်ပေးလာဘ်ယူမှုတွင် အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် ၎င်းအား ဆိုးမြို့ရှိ တရားရုံးက ထောင်ဒဏ် တစ်နှစ်နှင့် ရှစ်လကို ယနေ့ ချမှတ်လိုက်သည်။

ကင်မ်အား ရှယ်ယာဈေးကွက်ခြယ်လှယ်မှုနှင့် နိုင်ငံရေးရန်ပုံငွေအက်ဥပဒေ ချိုးဖောက်မှုစွဲချက်များအတွက်မူ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

အစိုးရရှေ့နေများကမူ နိုင်ငံရေးအရ အကူအညီများပေးရန်အတွက် တောင်ကိုရီးယား Unification Church ထံမှ တန်ဖိုးကြီး Chanel အိတ်များနှင့် စိန်ဆွဲကြိုးတစ်ကုံးတို့ကို လက်ခံရယူခဲ့သည်ဟူသော စွပ်စွဲချက်များအပါအဝင် အခြားစွပ်စွဲချက်များအတွက် ထောင်ဒဏ် ၁၅ နှစ်နှင့် ဒဏ်ငွေ ဝမ် ၂.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ သန်း) ချမှတ်ရန် တောင်းဆိုခဲ့ကြသည်။

ရှယ်ယာဈေးကွက်ခြယ်လှယ်မှုနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင် သြဇာလွှမ်းမိုးပေးရန်အတွက် နိုင်ငံရေးပွဲစားတစ်ဦးထံမှ လူထုသဘောထားစစ်တမ်းကောက်ယူမှုများကို လက်ခံရယူကာ နိုင်ငံရေးရန်ပုံငွေဥပဒေကို ချိုးဖောက်ခဲ့သည်ဟူသော စွဲချက်များအတွက်မူ ကင်မ်တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ရန် ခိုင်လုံသည့် သက်သေအထောက်အထားမရှိဟု တရားရုံးက ဆိုသည်။

ကင်မ်ကမူ စွဲချက်အားလုံးကို ငြင်းဆိုထားသည်။ ၎င်း၏ရှေ့နေက တရားရုံး၏စီရင်ချက်ကို ပြန်လည်သုံးသပ်ပြီး လာဘ်ပေးလာဘ်ယူမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရမှုအပေါ် အယူခံဝင်ရန် ရှိ၊ မရှိ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Unification Church ဘက်ကလည်း အဆိုပါလက်ဆောင်ပစ္စည်းများသည် တစ်စုံတစ်ရာ မျှော်လင့်ခြင်းမရှိဘဲ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမှုရင်ဆိုင်နေရသည့် အဆိုပါအဖွဲ့၏ခေါင်းဆောင် ဟန်ဟတ်ဂျာကလည်း ကင်မ်အား လာဘ်ထိုးရန် ၎င်းက ညွှန်ကြားခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလတွင် ရာထူးမှဖယ်ရှားခံခဲ့ရသည့် ယွန်းဆက်ယိုသည်လည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စစ်အုပ်ချုပ်ရေးကြေညာရန် ကြိုးပမ်းမှုအပြီး ပုန်ကန်မှုအပါအဝင် စွဲချက်များဖြင့် အမှုပေါင်း ၈ ခုကို ရင်ဆိုင်နေရသည်။

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီးနောက် ၎င်းကိုဖမ်းဆီးရန် ကြိုးပမ်းမှုများကို ဟန့်တားနှောင့်ယှက်ခဲ့မှုအတွက် ယခုလအတွင်း ၎င်းအား ချမှတ်ခဲ့သည့် ထောင်ဒဏ် ၅ နှစ်အပေါ် ၎င်းက အယူခံဝင်ထားသည်။

သမ္မတကတော်ဟောင်း သို့မဟုတ် အစိုးရရှေ့နေများဘက်မှ အယူခံဝင်နိုင်သည့် ယခုစီရင်ချက်သည် ၂၀၂၄ ခုနှစ်အတွင်း ယွန်းဆက်ယို၏ ခေတ္တစစ်အုပ်ချုပ်ရေးကြေညာခဲ့မှုနှင့် တစ်ချိန်က သြဇာကြီးမားခဲ့သည့် အဆိုပါဇနီးမောင်နှံနှင့်ပတ်သက်သော အရှုပ်တော်ပုံများကို စုံစမ်းစစ်ဆေးပြီးနောက် ထွက်ပေါ်လာသည့် အမှုတွဲများထဲမှ တစ်ခုဖြစ်သည်။