ရွှေ့ပြောင်းအခြေချနေထိုင်သူများကို စပိန်အစိုးရက တရားဝင်အဆင့်အတန်း သတ်မှတ်ပေးမည်

ဓာတ်ပုံ - AP
ပုံဟောင်း - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်က စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့အနီး ဘာဒါလိုနာအရပ်ရှိ စွန့်ပစ်ထားသော စာသင်ကျောင်းတစ်ခုမှ ရဲတပ်ဖွဲ့၏ ဖယ်ရှားခိုင်းမှုခံရပြီးနောက် ရွှေ့ပြောင်းနေထိုင်သူများ ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများနှင့်အတူ စုဝေးထိုင်နေကြစဉ်

စပိန်နိုင်ငံအတွင်း တရားဝင်ခွင့်ပြုချက်မရှိဘဲ နေထိုင်အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး သိန်းနှင့်ချီသည့် အရေအတွက်ကို တရားဝင်အဆင့်အတန်း သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း စပိန်အစိုးရက ဇန်နဝါရီ ၂၇ ရက်တွင် ကြေညာခဲ့သည်။

ယခုအစီအစဉ်သည် အမေရိကန် နှင့် ဥရောပနိုင်ငံအများစုတွင် ကျင့်သုံးနေသော ပိုမိုတင်းကျပ်သည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် စပိန်နိုင်ငံ၏ နောက်ဆုံးဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်သည်။

စပိန်ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာဝန်ကြီး အယ်လ်မာ ဆိုင်းဇ်၏ ပြောကြားချက်အရ အဆိုပါ အစီအစဉ်ကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပြင်ဆင်ချက်တစ်ရပ်အဖြစ် အမြန်ဆုံး အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လွှတ်တော်အတွင်း ကြန့်ကြာနေသည့် အလားတူဥပဒေကြမ်းကို ကျော်လွန်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

သတ်မှတ်ချက်နှင့် ကိုက်ညီသော ရွှေ့ပြောင်းနေထိုင်သူများသည် တစ်နှစ်အထိ တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်များကို ရရှိမည်ဖြစ်သည်။

အထူးသဖြင့် ထရန့်အစိုးရ၏ မူဝါဒများကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ခိုလှုံခွင့်တောင်းခံမှုများကို ကန့်သတ်ရန် ကြိုးပမ်းနေကြသော အခြားနိုင်ငံများနှင့်မတူဘဲ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်နှင့် ၎င်း၏ဝန်ကြီးများသည် တရားဝင်ရွှေ့ပြောင်းနေထိုင်သူများကြောင့် နိုင်ငံ၏စီးပွားရေးနှင့် အိုမင်းလာသော လုပ်သားအင်အားအတွက် ရရှိမည့် အကျိုးကျေးဇူးများကို မကြာခဏဆိုသလို ချီးမွမ်းပြောဆိုလေ့ရှိကြသည်။

စပိန်အစိုးရအနေဖြင့် “မျက်ကွယ်ပြုထားမည်မဟုတ်ကြောင်း” ဆိုင်းဇ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အစိုးရသည် “မိမိတို့နိုင်ငံသို့ ရောက်ရှိနေပြီးသားလူများကို ဂုဏ်သိက္ခာရှိစေပြီး အသိအမှတ်ပြုပေးနေခြင်းဖြစ်သည်” ဟုလည်း ၎င်းက ဆိုသည်။

ယင်းအစီအစဉ်ကြောင့် စပိန်တွင် တရားဝင်ခွင့်ပြုချက်မရှိဘဲ နေထိုင်နေသည့် လူပေါင်း ၅ သိန်းခန့် အကျိုးခံစားရနိုင်ကြောင်း ဆိုင်းဇ်က ပြောကြားသော်လည်း အခြားအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ စပိန်လူ့အဖွဲ့အစည်းအတွင်း ဖုံးကွယ်နေထိုင်သူ ၈ သိန်းအထိ ရှိနိုင်သည်ဟု သိရသည်။

အဆိုပါလူအများစုမှာ လက်တင်အမေရိက သို့မဟုတ် အာဖရိကနိုင်ငံများမှ လာရောက်ကြသူများဖြစ်ပြီး စပိန်စီးပွားရေး၏ အဓိကမဏ္ဍိုင်များဖြစ်သော စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ စပိန်သို့ ရောက်ရှိလာပြီး အနည်းဆုံး ၅ လကြာ နေထိုင်ခဲ့ကြောင်း သက်သေပြနိုင်သူများ လျှောက်ထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ရာဇဝတ်မှုကင်းရှင်းသူများလည်း ဖြစ်ရမည်ဖြစ်သည်။

သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် ဧပြီလမှ ဇွန်လကုန်အထိ တရားဝင်အဆင့်အတန်းအတွက် စတင်လျှောက်ထားနိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုင်းဇ်က ပြောကြားသည်။

လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးရမည့် စပိန်အမျိုးသားရဲတပ်ဖွဲ့သမဂ္ဂက အလုပ်များ စုပုံနိုင်ကြောင်း သတိပေးထားသော်လည်း လုပ်ငန်းစဉ်များ ချောမွေ့ထိရောက်စေရန် အရင်းအမြစ်များ ပြင်ဆင်ထားမည်ဟု ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

စပိန်နိုင်ငံသည် ယခုကဲ့သို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား တရားဝင်ခွင့်ပြုပေးခြင်းကို ၁၉၈၆ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်အတွင်း ၆ ကြိမ်အထိ ဆောင်ရွက်ခဲ့ဖူးသည်။

“ဒါဟာ အလုပ်သမားတွေရဲ့ အဆင့်အတန်းကို တရားဝင်ဖြစ်စေရုံတင်မကဘဲ တရားဝင်အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်တာကြောင့် လုပ်သားအင်အားစုအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုရှိစေပါတယ်” ဟု ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ကျွမ်းကျင်သူ အန်နာ တာရွန် ကူစီ က ပြောကြားခဲ့သည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို တရားဝင်အဆင့်အတန်း သတ်မှတ်ပေးခြင်းဖြင့် ဝန်ကြီးချုပ် ဆန်းချက်ဇ်သည် အထောက်အထားမဲ့အလုပ်သမားများကို အခွင့်အရေးနှင့် ကာကွယ်မှုများ ပေးအပ်လိုက်ခြင်းဖြစ်သလို စပိန်၏စီးပွားရေးကိုလည်း အကျိုးပြုစေမည်ဖြစ်ကြောင်း တာရွန်က ဖြည့်စွက်ပြောကြားခဲ့သည်။