စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ် ၊ မော်လူးမြို့ကို စစ်တပ်က ညအချိန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၉ ရက်၊ ည ၉ နာရီခန့်တွင် မော်လူးမြို့၊ လေဘိုကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ တစ်စင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ရာ ရွာလယ်ရှိ နေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ အသက် ၁၃ နှစ်ကျော်အရွယ် မိန်းကလေးတစ်ဦး ၊ အသက် ၆ လအရွယ် ယောင်္ကျားလေး တစ်ဦးအပါအဝင် မိသားစု ၇ ဦးနှင့် ဘေးအိမ်ရှိ အမျိုးသမီးကြီး တစ်ဦး စုစုပေါင်း ၈ ဦးသေဆုံးခဲ့ကြောင်း Indaw Revolution – IR က သတင်းထုတ်ပြန်သည်။
“အိမ်ရှေ့တစ်လုံး ၊ အိမ်အနောက်တစ်လုံး ကျတာ။ စုစုပေါင်း ကျား ၄ ဦး ၊ မ ၄ ဦးလို့သိရပါတယ်။ အသက်တွေကတော့ မသိပါဘူးဗျ။ သူတို့က (ဗုံးခိုကျင်း)မတူးထားတာနေမလားမသိဘူးဗျ။ ကုတင်အောက်ဝင်ပုန်းနေကြတာဗျ။ တခြားမိန်းမကြီးတစ်ဦးက ဗုံးကျင်းမဆံ့တော့လို့ အပြင်မှာကျန်ထားတာ။ ထိခိုက်ဒဏ်ရာရသူကတော့ မရှိပါဘူးဗျ။ အိမ်ကတော့ ဆိုးဆိုးဝါးဝါး ပျက်စီးတာက ၂ လုံးပါ”ဟု Indaw Revolution မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
သေဆုံးသူများထဲမှ ၇ ဦးသည် မိသားစုတစ်စုတည်းက ဖြစ်ပြီး ယင်း တိုက်ခိုက်မှုအပြီး ထပ်မံလေ ကြောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် လေဘိုကျေးရွာသားအချို့ တိမ်းရှောင်နေကြကြောင်း သိရသည်။
“အိမ်ခြေတော့ အရမ်းမများပါဘူး။ရွာငယ်လေးပါပဲဗျ။ ရှောင်တဲ့သူလည်း ရှောင်နေကြပါတယ်ဗျ။ ဒီမနက်မှာတော့ လေကြောင်းတိုက်ခိုက်တာမျိုး ထပ်မရှိတော့ပါဘူး”ဟု ၎င်းက ဆက်လက် ပြောသည်။
ဇန်နဝါရီ ၂၁ ရက်၊ ည ၁၁ နာရီခန့်တွင်လည်း မော်လူးမြို့နယ် ၊ မာန်ဟဲကျေးရွာကို စစ်တပ်က ဗုံး ၂ လုံးကြဲချခဲ့ရာ ပကဖရဲဘော် ၅ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့သေးကြောင်း Indaw Revolution က ထုတ်ပြန်ထားသေးသည်။
