ရခိုင်မြောက်ပိုင်းမှ စစ်ဘေးရှောင်များ အအေးဒဏ်နှင့် ရင်ဆိုင်နေရပြီး အခြေခံစားနပ်ရိက္ခာနှင့် အနွေးထည်များ အရေးပေါ်လိုအပ်နေ

ဓာတ်ပုံ-Kan Htun
ပုံစာ- ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို နှစ်ဆန်းပိုင်းက တွေ့ရစဉ်

စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရဆဲဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်ဒုက္ခသည် အများအပြားသည် အကူအညီအထောက်အပံ့များ အလွန်အမင်း လိုအပ်နေကြောင်း ဒုက္ခသည်များက ပြောသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲ အချိန်ကြာလာသည်နှင့်အမျှ ပြည်မဘက်မှ ကုန်စည်စီးဆင်းရာ လမ်းကြောင်းများအားလုံး ဖြတ်တောက်ပိတ်ဆို့ခံထားရသောကြောင့် အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်ဈေးနှုန်းများမှာ အဆမတန် ကြီးမြင့်နေကြောင်း သိရသည်။

အအေးပိုသည့် ဆောင်းရာသီဖြစ်သဖြင့် စစ်ရှောင်များအတွက် အနွေးထည်သာမက စောင်နှင့် ခြင်ထောင်များပါ အရေးပေါ် လိုအပ်နေကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ အသက် (၇၀) ကျော်အရွယ် စစ်ဘေးရှောင် အဖွားအိုတစ်ဦးက MPA သို့ ပြောသည်။

“မရှိတာက အိမ်မရှိဘူး။ နောက်ပြီး စားဖို့သောက်ဖို့ ဆန်တွေလိုတယ်။ စောင်လိုတယ်။ ခြင်ထောင်လိုတယ်။ ဖျာလိုတယ်။ အနွေးထည်တွေလည်း လိုတယ်။ ကျန်းမာရေးကလည်း မကောင်းဘူး” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း အနွေးထည်တစ်ထည်လျှင် ကျပ်နှစ်သောင်း၊ နှစ်သောင်းခွဲမှ ခြောက်သောင်းဝန်းကျင်ထိ ရှိနေပြီး စောင်တစ်ထည်ကို ကျပ်လေးသောင်းမှ ငါးသောင်းဝန်းကျင်ထိ ဈေးနှုန်းပေါက်နေကြောင်း သိရသည်။

ထို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးပြီး ပုံမှန်ဝင်ငွေနှင့် အကူအညီအထောက်အပံ့ ပုံမှန်မရရှိကြသည့် စစ်ဘေးရှောင်ဒုက္ခသည်များသည် အအေးပိုသည့် ယခုနှစ်ဆောင်းရာသီကို ဖြစ်သလိုသာ ဖြတ်သန်းနေကြရခြင်း ဖြစ်သည်။

အနွေးထည်နှင့် စောင်များ လုံလုံလောက်လောက် မရှိကြသည့်အတွက် အအေးဒဏ်ကြောင့် နောက်ဆက်တွဲအနေဖြင့် ကျန်းမာရေးမကောင်း ဖြစ်ကြသူများလည်း ရှိနေသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

ထို့အပြင် ယခုလက်ရှိ ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွင် မိန်းပျိုများလည်း ပါဝင်နေသည့်အတွက် လုံခြုံသည့် အမိုးအကာအောက်တွင် ခိုလှုံခွင့်ရလိုကြောင်း အထက်ပါအဖွားအိုက ဆိုသည်။

“အခက်အခဲဆိုရင် တဲအိမ်လည်း မဆောက်ရသေးဘူး။ သူများတွေကတော့ ဆောက်နေကြပြီ။ ကိုယ့်မှာက ပိုက်ဆံမရှိလို့ မဆောက်နိုင်သေးတာ။” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရဆဲဖြစ်သည့် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၆ သိန်းကျော်အထိရှိပြီး လက်ရှိတိုက်ပွဲ ပြင်းထန်နေသည့် ကျောက်ဖြူနှင့် စစ်တွေဘက်မှ ထပ်တိုးလာသော စစ်ဘေးရှောင်များလည်း ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဆန်းပိုင်းကတည်းက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၏ အထောက်အပံ့များကို ရရှိခြင်း မရှိတော့ပေ။

ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များ၏ အထောက်အပံ့များကိုသာ အားထားနေရသည့်အတွက် ထိုအထောက်အပံ့များသည်လည်း လစဉ်ပုံမှန်မဟုတ်သဖြင့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ အလွန်အခက်ကြုံနေရသည်။