မြန်မာပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက် ပံ့ပိုးသွားမည်ဟု ဥရောပသမဂ္ဂက ထုတ်ပြန်သည်။
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် နှစ်ပတ်လည်တွင် ဥရောပသမဂ္ဂ၏ ကိုယ်စား အဆင့်မြင့် ကိုယ်စားလှယ်က ကြေညာချက်ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြထားသလို အရေးပေါ်အခြေအနေကို တုံ့ပြန်သည့် အကြီးဆုံး အလှူရှင်အဖြစ် ဥရောပသမဂ္ဂနှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများသည် ထိခိုက်ခံစားရသူများထံ လိုအပ်သည့် အကူအညီများ ထိရောက်စွာ ပေးပို့နိုင်ရန် နည်းလမ်းများအား ဆက်လက်ရှာဖွေရန် ကတိပြုထားကြောင်းလည်း ဆိုသည်။
“နိုင်ငံတကာရဲ့ အကူအညီတွေ စစ်ဘေးရှောင်ပြည်သူတွေဆီ တိုက်ရိုက်ရောက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။တိုက်ရိုက်ရောက်မယ့်နည်းလမ်းတွေ ရှာဖွေကြဖို့ လိုပါမယ်။ပြည်တွင်းမှာရှိတဲ့ ကုလအဖွဲ့တွေရဲ့ အကူအညီပေးမှုဟာ စစ်တပ်ခွင့်မပြုတဲ့နေရာတွေ မရောက်နိုင်ဘူးဆိုတာ အ လေးအနက်ပြုကြဖို့ လိုပါမယ်”ဟု အညာဒေသတွင် တိုက်ပွဲဝင်နေသော နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက MPAသို့ပြောသည်။
မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အခြေအနေမှာ အလွန်အမင်း ဆိုးရွားနေဆဲဖြစ်ပြီး လူဦးရေ ၁၆ သန်း ကျော်သည် အရေးပေါ် အကူအညီများကို ချက်ချင်း လိုအပ်လျက်ရှိကာ ပြည်တွင်း နေရပ် စွန့်ခွာရသူ ဦးရေ ၃ဒဿမ၆ သန်း ကျော် ရှိနေသည့်အပြင် မြန်မာနိုင်ငံသားအများအပြား အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးခိုလှုံနေကြရကြောင်းလည်း ဥရောပသမဂ္ဂက ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းမှုကို ဥရောပသမဂ္ဂက ပြင်းထန်စွာ ရှုတ်ချပြီး စစ်တပ်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်အတွက် မဖြစ်မနေ လိုအပ်သည့် အခြေခံအချက်များ မပြည့်မီခဲ့ကြောင်း မှတ်ချက်ပြုသည်။
ဥရောပသမဂ္ဂသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းသာယာရေးကို လိုလားဆန္ဒပြုနေသည့် မြန်မာပြည်သူများနှင့် တသားတည်း ရပ်တည်လျက်ရှိကြောင်းနှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်ကို ဆက်လက်ထောက်ခံကြောင်းလည်း ဆိုသည်။
အလွန်ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် အကြမ်းဖက်မှု အမျိုးအစားအားလုံးကို ချက်ချင်း ရပ်တန့်ရန်၊ အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသော အကျဉ်းသားအားလုံးကို လွှတ်ပေးရန် ဥရောပသမဂ္ဂက တောင်းဆို လိုက်သည်။
