စစ်ကော်မရှင် ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်းနှင့် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ဆက်လပ်ရပ်တည်သွားမည်ဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေဝန်ကြီး Anita Anand က မြန်မာနိုင်ငံတွင် စစ်တပ်က မတရားအာဏာသိမ်းယူခဲ့သည့် ငါးနှစ်ပြည့်နေ့၌ တရားဝင်ပြောကြားခဲ့သည်။
ကနေဒါအစိုးရအနေဖြင့် မကြာသေးမီက စစ်ကော်မရှင်က ဦးစီးကျင်းပခဲ့သည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီးက “မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းဟာ ငြိမ်းချမ်းပြီး ဂုဏ်သိက္ခာရှိတဲ့ အနာဂတ်ကို လိုလားတဲ့ သူတို့ရဲ့ ဆန္ဒကို ပြသနေပါတယ်။ ကနေဒါနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ မယိမ်းမယိုင် ဆက်လက်ရပ်တည်သွားပါမယ်” ဟု ကတိပြု ပြောကြားခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိသလို၊ အားလုံးပါဝင်နိုင်ခြင်းလည်း မရှိသည့်အတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိကြောင်း ကနေဒါက ဆိုသည်။
“ဒီရွေးကောက်ပွဲရလဒ်တွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်ခြင်းမရှိပါဘူး။ အထူးသဖြင့် အဓိကကျတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပြည်သူလူထု အများအပြားကို တမင်သက်သက် ပါဝင်ခွင့်ပိတ်ပင်ထားတာ တွေ့ရပါတယ်” ဟု ဝန်ကြီး Anita Anand က ပြောကြားသည်။
ယင်းအပြင် မဲဆန္ဒရှင်များကို ခြိမ်းခြောက်ခြင်း၊ အတင်းအဓမ္မ ဖိအားပေးခြင်းများနှင့် ဖမ်းဆီးထိန်းသိမ်းမှုများ ရှိခဲ့ကြောင်း သတင်းများအပေါ်တွင်လည်း ကနေဒါက များစွာ စိုးရိမ်ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်း ၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ အခြေအနေသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းစစ်ဘေးရှောင် (IDPs) ၃ဒဿမ၆ သန်းကျော် ရှိလာပြီး၊ ကလေးငယ် ၅ သန်း အပါအဝင် လူဦးရေ ၁၆ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်လျက်ရှိသည်။
စစ်ကော်မရှင်သည် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများကို ကျူးလွန်နေကြောင်း ကနေဒါက ထောက်ပြရှုတ်ချထားသည်။
“စစ်ကော်မရှင်ရဲ့ ထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို ‘နိုင်ငံတကာစံချိန်စံညွှန်းမမီ၊ ပြည်သူ့ဆန္ဒမပါ’ လို့ ကနေဒါကဲ့သို့ G7 နိုင်ငံက အတိအလင်း ပြောဆိုလိုက်တာက နိုင်ငံရေးအရ ကြိုဆိုရမယ်။ ဒါက တော်လှန်ရေးအင်အားစုတွေရဲ့ တရားဝင်ဖြစ်မှု (Legitimacy) ကို ပိုခိုင်မာစေပါတယ်” ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုသည်။
ပဋိပက္ခများ၏ အကျိုးဆက်အဖြစ် အွန်လိုင်းငွေလိမ်ဂိုဏ်း (Online Scam Centres) များ အပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းများ သိသိသာသာ မြင့်တက်လာခြင်းက မြန်မာပြည်သူများကို ပိုမိုထိခိုက်စေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားထားသည်။
“၅ နှစ်တောင် ရှိပြီဆိုတော့ နိုင်ငံတကာက ငါတို့အကြောင်း မေ့သွားကြပြီလားလို့ တွေးမိတာ။ အခုလို ကနေဒါလို နိုင်ငံကြီးက စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူး၊ ငါတို့ဘက်က ရပ်တည်တယ်လို့ ကြားရတာ စိတ်အားတက်ပါတယ်။ အနည်းဆုံးတော့ ငါတို့ ခံစားနေရတာတွေကို ကမ္ဘာကြီးက သိနေသေးတယ်ဆိုတဲ့ အသိမျိုး ရတယ်” ဟု ပြည်တွင်းတွင် စစ်ဘေးရှောင်နေရသည့် ပြည်သူတစ်ဦးက ဆိုသည်။
ကနေဒါနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းကို မြန်မာပြည်သူများအတွက် ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းကျသော အနာဂတ်တစ်ခု ပေါ်ထွန်းလာရေး ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းထားသည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် အာဆီယံ၏ အခန်းကဏ္ဍကို ထောက်ခံကြောင်းလည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
