စစ်တပ် အာဏာသိမ်းမှု ၅ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၇၄ဦး ကျဆုံးခဲ့ကြောင်း Myanmar Prison Witness က သတင်းထုတ်ပြန်သည်။
စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်မှ ယခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ တစ်ရက်အထိ ၅ နှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရသဖြင့် ကျဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား အများဆုံးဖြစ်ပြီး ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခံရခြင်း ၊ သဘာဝဘေးအ န္တရာယ်နှင့် သေဒဏ်ပေးခံရခြင်းတို့ကြောင့် ကျဆုံးခြင်းများလည်းရှိကြောင်း Myanmar Prison Witness-MPW က ဆိုသည်။
“အာဏာသိမ်းကာလ ၅ နှစ်တာကာလအတွင်းမှာ ဆေးဝါးလုံလောက်စွာမရရှိလို့ သေဆုံးမှုက အကျဉ်းထောင်တိုင်းလိုလိုမှာ အများဆုံးဖြစ်တယ်ပေါ့နော်။ နောက်ပြီးတော့ ညှင်းပန်းနှိပ်စက်ခံရလို့ သေဆုံးမှုက နည်းတယ်ပေါ့။ ဒါပေမယ့် ဆေးဝါးလုံလောက်စွာမရရှိလို့ သေဆုံးမှုက ပိုပြီးတော့ များနေတာက သူတို့မှာ အပြည့်အဝ တာဝန်ရှိတယ်ပေါ့နော်။ မတရားဖမ်းဆီးခံထားရတဲ့ တစ်ဦးတစ် ယောက်ချင်းစီအတွက် တာဝန်ယူရမယ့်သူက ဖမ်းဆီးထားတဲ့သူ။ နေမကောင်းတာကအစ စား သောက်ဖို့အဆုံး တာဝန်ယူရမှာပေါ့နော်။ တာဝန်ရှိသူတွေက ထောင်အာဏာပိုင်နဲ့ ဆရာဝန်တွေမှာ တာဝန်ရှိတယ်။ သူတို့တွေကမှ အရေးပေါ်လူနာကို မကုသပေးနိုင်ရင် အချိန်မီ ပြင်ပဆေးရုံကို ထုတ် ပေးခဲ့မယ်ဆိုရင် နိုင်ကျဉ်းသေဆုံးမှုတွေက အခုလိုမျိုး များသွားမှာ မဟုတ်ဘူးပေါ့နော်။ ကျမတို့က တော့ အဲလိုပဲ ယူဆပါတယ်”ဟု MPW ဒုပြန်ကြားရေးတာဝန်ခံ မဆူးငယ်က MPA သို့ပြောသည်။
နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့် ဆက်စပ်သောရောဂါများ၊ ကင်ဆာ နှင့် အခြားရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းကြောင့် အကျဉ်းထောင် ၃၂ ခုမှ ၁၈ နှစ်အောက် မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၁၅ ဦး၊ အမျိုးသား ၁၂၄ ဦးနှင့် လိင်စိတ်ကွဲပြားသူ LGBTQ+ တစ်ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၄၀ အသက်ဆုံးရှုံးခဲ့ရသည်။
“နိုင်ငံရေးအကျဉ်းသူ/သားတွေက အထဲမှာ သန့်ရှင်းမှုမရှိတဲ့ အစားအသောက်တွေကြောင့် အာဟာ ရချို့တဲ့မှုတွေဖြစ်တယ်။ အဲဒီကနေ ရောဂါပိုးတွေ ဝင်ပြီးတော့ မသေဆုံးသင့်ဘဲ သေဆုံး ရတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင်လည်း သူတို့မှာ ဆေးဝါးကုသဖို့ လုံလောက်စွာ ရှိမနေဘူးပေါ့နော်။ ဆေးဝါးကစပြီး ဒိတ်လွန်တဲ့ဆေးတွေပေးတာမျိုးတွေကြောင့် မသေဆုံးသင့်ဘဲ သေဆုံးရတယ်လို့ ကျမတို့ကတော့ မြင်တယ်ပေါ့နော်။အခုချိန်ထိလည်း ကျမတို့ တောင်းဆိုမှုတွေ လုပ်နေတာပဲ၊ ဖိအားပေးမှုတွေ လုပ်နေတာပဲ။ ဒါပေမဲ့၊ ဒါတွေ လျစ်လျူရှုပြီးတော့ လုပ်မြဲလုပ်တိုင်းပဲ။ သူတို့က စနစ်တကျကို နိုင်ငံရေးအကျဉ်းသူ/သားတွေကို နှိပ်စက်နေတယ်လို့ မြင်တယ်”ဟု ၎င်းကဆက် လက်ဆိုသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရေးအတွက် စစ်ကော်မရှင်ကို ယခုထက်ပိုမိုပြင်းထန်သည့် ဖိအားပေးရန်၊နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော ထောင်ဝန်ထမ်းများ၊ အမိန့်ပေးစေခိုင်းသူ အရာရှိ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူမှု ပြုလုပ်နိုင်ရေး စစ်ကော်မရှင်ကို ဖိအားပေးရန်၊ အကျဉ်းသားတိုင်း လူသားတယောက် ရရှိထိုက်သည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု အသေအချာ ရရှိစေရေး ဖိအားပေးရန်စသည့် အချက်များကို MPW က တောင်းဆိုထားသည်။
အာဏာသိမ်း ၅ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသားသေဆုံးမှု အများဆုံးထောင်မှာ အိုးဘိုထောင်ဖြစ်ပြီး ဒုတိယ အင်းစိန်ထောင်၊ တတိယ ဒိုက်ဦးထောင်၊ စတုတ္တ ကလေးထောင်နှင့် ပဉ္စမမကွေးထောင်တို့ ဖြစ် ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကျဆုံးမှုမှာ ၂၀၂၁ ခုနှစ်တွင် ၂၅ဦး၊ ၂၀၂၂ ခုနှစ်တွင် ၂၉ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၅၅ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၅၂ ဦးနှင့် ၂၀၂၅ ခုနှစ်တွင် ၁၁၃ ဦး ရှိသည်။
