ဆွာ ခမရ ၁၉တပ်ရင်းထဲ PDFရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲဟုဆို

ဓာတ်ပုံ - နေပြည်တော် PDF တပ်ရင်း ၉၀၁ ပုံစာ - ဆွာမြို့အခြေစိုက် ခမရ ၁၉ ကို ရှော့တိုက်ဒုံးပစ်ခတ်နေပုံ။

ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ် ၊ ဆွာမြို့အခြေစိုက် ခမရ ၁၉ တပ်ရင်းထဲသို့ PDF ပစ်ခတ်လိုက် သည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အာဏာသိမ်းမှု ၅ နှစ်ပြည့်နေ့ဖြစ်သောဖေဖော်ဝါရီ တစ်ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ခမရ ၁၉တပ်ရင်း ကို ၁၀၇ မမ ရှေ့ာတိုက်ဒုံးနှင့် တစ်ကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တပ်ဝင်းအတွင်း ထိခိုက်မှုများရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်မှတစ်ဆင့် သိရကြောင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ က သတင်းထုတ်ပြန်သည်။

” ထိခိုက်မှုရှိတယ်လို့ သိရပြီး တပ်ဝင်းအတွင်းမှာပဲ ဆေးကုတယ်လို့ သတင်းရတယ်ခင်ဗျ။ ထိခိုက် မှုအရေအတွက်နဲ့အသေးစိတ်တော့ မသိရဘူး။ တပ်ဝင်းထဲဆိုတော့ သတင်းဖုံးထားတယ်ခင်ဗျ”ဟု နေပြည်တော် PDF တပ်ရင်း ၉၀၁ မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ခမရ ၁၉ ကိုတိုက်ခိုက်မှုနှင့်တစ်ပြိုင်နက် အခြားစစ်ရေးပစ်မှတ်များကိုလည်း နေပြည်တော် PDF တပ်ရင်းများက ရှော့တိုက် မစ်ဇိုင်းများနှင့် တိုက်ခိုက်ခဲ့သေးကြောင်း ၎င်းကဆိုသည်။

“ညပိုင်းမှာ ကျနော်တို့ ကာကင်းတွေဘက်ကို လှုပ်ရှားထွက်လာတာမျိုးရှိတယ်။ မိုင်းအချို့ကွဲတယ်။ ပြန်ဆုတ်သွားတယ်။ ရှေ့ပြေးကင်းထောက် သဘောလောက်ပဲ လာတာတွေ့ရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန ၊ ဗျူဟာ ၁၉ ၊ နေပြည်တော် PDF တပ်ရင်း ၉၀၁ နှင့် NSA31 (လူ့ဘောင်သစ်)တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။