ကချင်ပြည်နယ် ၊ ဖားကန့်မြို့ အထက်တန်းကျောင်းထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ၁၀နှစ်အရွယ်ရှိကျောင်းသူ/သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၃၀ ရက် ညပိုင်းမှစတင်၍ ဖားကန့်မြို့အနီးတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) နံနက် ၁၀ နာရီခန့်၌ ဖားကန့်မြို့ ၊ မြို့မရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်ကြား အထက်တန်းကျောင်းရှိ KG ကျောင်းဆောင်ပေါ်သို့ လက်နက်ကြီး တစ်လုံးကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့ခံ တစ်ဦးထံက သိရသည်။
“KG ဆောင်ပေါ်ကျတာတော့ မှန်တယ်။ သို့သော်၊ KG တန်းက ပိတ်ထားတယ်။ ပိတ်ထားတော့ အဲဒီမှာ နောက်ဖေးသွားတဲ့ ကလေး ၂ ဦးထိတာ။ KG ကလေးထိတာမဟုတ်ဘူး။ ၁၀ နှစ်အရွယ် Grade 4 ကျောင်းသား ၂ ဦးထိတာ”ဟု ၎င်းက MPAသို့ပြောသည်။
လက်နက်ကြီးထိမှန်သူ၂ဦးမှာ မှော်ဝမ်း ရေအေးချောင်မှ မောင်မင်းခန့်ကိုကိုနှင့် ဂျန်ဂတ်ကျေးရွာမှ ဖားကန့်သို့ လာရောက် စစ်ရှောင်နေရသည့် မရွယ်ဒင့် တို့ဖြစ်ပြီး ၎င်းတို့၏ လက် ၊ ခြေထောက် ၊ ရင်ဘတ်နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အထက်တန်းကျောင်းသည် ဧရိယာကျယ်ပြီး ဗျူဟာကုန်း၏ အောက်တည့်တည့်တွင် ရှိကာ ရဲစခန်း နှင့်လည်း မျက်နှာချင်းဆိုင်ဖြစ်ကြောင်း သိရသည်။
“လက်ရှိ စာသင်ကျောင်းပေါ်ကျတဲ့ဟာက ဘယ်ကကျတဲ့ လက်နက်ကြီးလို့တော့ မပြောနိုင်ဘူး ပေါ့နော်။ စာသင်ကျောင်းကတော့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းအောက်တည့်တည့်မှာရှိတာဆိုတော့ တော်လှန်ရေးအင်အားစုက ပစ်တာလည်းဖြစ်နိုင်သလို စစ်ကောင်စီကပစ်တဲ့ဟာကနေလည်း ကျည် က အလွဲလွဲအချော်ချော်ဖြစ်ပြီး ကျတာမျိုးလည်း ဖြစ်နိုင်တယ်။ အနေအထားကတော့ ပြောရခက် တာ ပေါ့နော်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ၂ဘက်စလုံးက ဒရုန်းများအသုံးပြုကာ ပစ်ခတ်နေကြကြောင်းလည်း သိရသည်။
ဖားကန့်မြို့ အထက်တန်းကျောင်းကြီးတွင် ယခင်က ကျောင်းသားဦးရေ ထောင်ချီရှိသော်လည်း ယခုနောက်ပိုင်း တော်လှန်ရေးအင်အားစုက ဖွင့်လှစ်သည့် ကျောင်းများသို့ တက်ရောက်ကြသူများ ရှိသဖြင့် ယခင်ကကဲ့သို့ ကျောင်းသားဦးရေ မများတော့ကြောင်း သိရသည်။
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဆိပ်မူကျေးရွာကို စစ်တပ်က ဇန်နဝါရီ ၃၀ ရက် ညပိုင်းတွင် မရှီကထောင်ရပ်ကွက်နဲ့ ယူမာကျေးရွာ နောက်ကျောလမ်းဖြစ်သည့် ထုံးဘို-ဂျမ်ကပ်လမ်း အသုံးပြု၍ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်နေပြီး ဖားကန့်-ဆိပ်မူသွားသည့် လမ်းမကြီး ကိုလည်း တော်လှန်ရေးအင်အားစုက ပိတ်ထားကြောင်း သိရသည်။
