ရန်ကုန်ရှိ ဈေးဝယ်စင်တာများတွင် အချိန်ပိုင်းဝန်ထမ်းများခေါ်ယူနေပြီး လုပ်ကိုင်လိုသူ များပြားနေ

ဓာတ်ပုံ-MPA
ပုံစာ- ရန်ကုန်မြို့ရှိ Ocean ဈေးဝယ်စင်တာတစ်ခု

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများတွင် အချိန်ပိုင်းဝန်ထမ်းများခေါ်ယူလျက်ရှိပြီး အချိန်ပိုင်းအလုပ်လုပ်ကိုင်လိုသူ များပြားလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

City Mart Holding Co.,Ltd(CMHL) လက်အောက်ရှိ City Mart, Ocean, Marketplace စသော ရန်ကုန်မြို့ ရှိ ဈေးဝယ်စင်တာများတွင် အလုပ်လုပ်ရန် အချိန်ပိုင်းဝန်ထမ်းများကို ခေါ်ယူနေခြင်းဖြစ်သည်။

အဆိုပါ ဈေးဝယ်စင်တာများတွင် အရောင်းဝန်ထမ်း၊ ဂိုထောင်ဝန်ထမ်း၊ ဝန်ဆောင်မှုပေးရသောဝန်ထမ်းနေရာ များကို ခေါ်ယူနေခြင်းဖြစ်ပြီး တစ်ရက်လျှင် အလုပ်ချိန် လေးနာရီ၊ တပတ် ခြောက်ရက် လုပ်ကိုင်ရမည်ဖြစ် ကြောင်း CMHL ဘက်က ကြေညာထားသည်။

ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ကမာရွတ်၊ ရန်ကင်း၊ ပန်းပဲတန်း စသည့် မြို့နယ်များရှိ ဈေးဝယ် စင်တာများအတွက် အချိန်ပိုင်းဝန်ထမ်းများ ဦးစားပေးခန့်အပ်သွားမည်ဟု သိရသည်။ အချိန်ပိုင်း အလုပ်ကို အသက် ၁၈ နှစ်ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူများ၊ အငြိမ်းစားများ၊ မိသားစုဝင်ငွေအတွက် အထောက်အကူပြုစေရန် အိမ်ရှင်မ များလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

“အွန်လိုင်းပေါ်ကနေ အလုပ်လျှောက်ထားလိုက်ပြီ။ အလုပ်တကယ်ရရင် ကျမတို့လို ကျောင်းတဖက်နဲ့သူတွေ အတွက် အဆင်ပြေနိုင်တယ်။ လုပ်အားခ ဘယ်လောက်ပေးမလဲတော့ တိတိကျကျ မသိရသေးဘူး။ အလုပ် ရရင် ကျောင်းစရိတ်ကာမိပါပြီ”ဟု ရန်ကုန်တွင် တက္ကသိုလ် တက်ရောက်နေသော ကျောင်းသူတစ်ဦးက ဆိုသည်။

အချိန်ပိုင်းဝန်ထမ်း လျှောက်ထားလိုသူများသည် ဘွဲ့ရ (သို့မဟုတ်) တက္ကသိုလ်ဝင်တန်း တက်ရောက်ဖူးရမည်ဖြစ် ကြောင်း သိရသည်။ လုပ်ခလစာကို အလုပ်ချိန်ပေါ် မူတည်၍ တွက်ချက်ပေးမည်ဖြစ်ပြီး ယူနီဖောင်း၊ လူမှုဖူလုံရေးနှင့် အလုပ်အတွက်လိုအပ်သော သင်တန်းများ ပေးမည်ဟု CMHL ဘက်က ထုတ်ပြန်ထားသည်။

“နိုင်ငံခြားမှာလို အချိန်ပိုင်းအလုပ်တွေ ခေါ်နေတာကိုတော့ ဝမ်းသာရမယ်။ ဈေးဝယ်စင်တာတွေပဲ မဟုတ်ဘဲ အခြား အလုပ်တွေမှာလည်း part time job တွေ ခေါ်ရင် ပိုကောင်းမယ်။ အခုက တော်တော်များများ ကျပ်တည်း နေကြတာ။ အပိုဝင်ငွေရတဲ့ အလုပ်မျိုးဆိုရင် မိသားစုစားဝတ်နေရေးကို အထောက်အကူပြုနိုင်တယ်”ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ကိုချမ်းက ပြောသည်။

အချိန်ပိုင်းဝန်ထမ်းများခေါ်ယူသွားမည်ဖြစ်ကြောင်း CMHL ၊ City Mark နှင့် Ocean Super Center တို့၏ ဖေ့ဘွတ်ခ်ပေ့ချ်တွင် စက်တင်ဘာ ၉ရက်၌ ပို့စ်တင်ခဲ့ရာ စိတ်ဝင်စားသူ များပြားလျက်ရှိသည်။ အဆိုပါ ပို့စ် များအောက်တွင် အချိန်ပိုင်းအလုပ်အား လုပ်ကိုင်လိုသူ များပြားနေပြီး လုပ်အားခ မည်မျှ ပေးမည်ဆိုတာ မေးခွန်းထုတ်နေသူများလည်း ရှိနေသည်။

City Mart တွင် အလုပ်လုပ်ကိုင်ဖူးခဲ့ဖူးသူ မနီလာက သူမ၏ အလုပ်အတွေ့အကြုံကို MPA သို့ ပြောပြခဲ့သည်။

“Full time လုပ်တဲ့ အချိန်တုန်းကဆို လစာတော်တော်ဝင်တယ်။ အကျိုးခံစားခွင့်တွေလဲ အများကြီးရတယ်။ part-timeကိုလဲ full timeလိုအကျိုးခံစားခွင့်တွေရရင် အဆင်ပြေပါတယ်။ ဘယ်လိုပဲနေနေ အချိန်ပိုင်းပဲ လုပ်ရ တာဆိုတော့တန်ပါတယ်။ ပင်ပင်ပန်းပန်းနဲ့လုပ်ရတာတွေလဲအများကြီးမှမရှိတာ။ ဈေးလေးရောင်းပြီး stock လေး တွေဖြည့်ရုံလောက်ပါပဲ”ဟု မနီလာက ပြောပြသည်။

လကုန်ရက်များနှင့် လဆန်းပိုင်းရက်များတွင် ဈေးဝယ်စင်တာများ၌ ဈေးဝယ်သူ များပြားလျက်ရှိပြီး ငွေရှင်း ကောင်တာအချို့အား ပိတ်ထားမှုများ ရှိသည်။ သင်္ကြန်မတိုင်မီရက်များ၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ Happy New Year စသည့်ရက်များတွင် ဈေးဝယ်စင်တာများတွင် ဈေးဝယ်သူ များပြားသော်လည်း ငွေရှင်းကောင်တာ အချို့သာ ဖွင့်ထားသဖြင့် တန်းစီစောင့်ဆိုင်းချိန် ကြာမြင့်လျက်ရှိသည်။

“ဈေးဝယ်စင်တာတိုင်းလိုလိုမှာ ပိတ်ထားတဲ့ ငွေရှင်းကောင်တာတွေရှိတယ်။ ဒါက အလုပ်သမား မလုံလောက် ဘူးဆိုတဲ့သဘောပဲ။ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ၊ ပေါ်တာဆွဲတာတွေနဲ့ အလုပ်အကိုင်ရှားပါးတာတွေကြောင့် လူငယ် တော်တော်များများက နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နေကြပြီ။ ပြည်တွင်းမှာ အလုပ်လုပ်ရင်းလည်းရတဲ့ လစာနဲ့ အထွေထွေကုန်ကျစရိတ်က မလောက်ငှတော့ဘူးလေ။ ဒါကြောင့် စင်တာတွေက အချိန်ပိုင်း အလုပ်သမားတွေ ခေါ်နေတဲ့ သဘောပဲ”ဟု ရန်ကုန်မြို့တွင် နေထိုင်သော ကိုဇော်ကြီးက အချိန်ပိုင်းဝန်ထမ်းခေါ်ယူနေမှုအပေါ် သုံး သပ် ပြောဆိုသည်။

အချိန်ပိုင်းအလုပ်ကို စိတ်ဝင်စားသူများအနေဖြင့် ၂၀၂၅ စက်တင်ဘာ ၁၁ရက် နေ့လယ် ၁နာရီမှ ၂နာရီခွဲအထိ မှတ်ပုံတင် မူရင်းကိုင်ဆောင်၍ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ ဗားကရာလမ်း၊ ပဒုမ္မာအားကစားရုံဝင်းအတွင်းရှိ CMHL ရုံးချုပ် နှင့် နီးစပ်ရာ City Mart ဆိုင်ခွဲများ၊ Ocean ဆိုင်ခွဲများတွင် လျှောက်ထားနိုင်သည်။