စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို မြန်မာပြည်သူတို့ မရှုမလှခံနေရကြောင်း စစ်တမ်းများအရ သိရသည်။
အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုသည် စဉ်ဆက်မပြတ်ရှိ နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးမှုမှာလည်း လက်နက်ကြီး၊လက်နက်ငယ်များနှင့် ပစ်ခတ်မှုကြောင့်ထက် သိသိသာသာ ပိုမိုများပြားကြောင်း သိရသည်။
“အမှန်ပဲ။သုတေသနအဖွဲ့တွေ ထုတ်ပြန်တဲ့ ဘယ်စစ်တမ်းကြည့်ကြည့် လေကြောင်းကနေ ဗုံးကြဲလို့ ပြည်သူသေဆုံးတာက တခြားနည်းနဲ့ တိုက်ခိုက်လို့ သေဆုံးတာထက် ၄-၅ဆ များတာချည်းပဲ။ပြောရ ရင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဆိုတာ ကုန်ကျစရိတ်များသလောက် ပြည်သူအသေအပျောက် ထိရောက်မှုလည်း ရှိတယ်ထင်တယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြော သည်။
ဇူလိုင် ၁ ရက်မှ စက်တင်ဘာလ ၁၀ ရက်အထိ စစ်အုပ်စုကြောင့် ပြည်သူ၅၆ ဦး သေဆုံးခဲ့သည့်အ နက် ၃၉ဦးမှာ လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းက ထုတ်ပြန်သည်။
ဩဂုတ်လအတွင်းစစ်အုပ်စု၏ တရားလက်လွတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၂၆ သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၂၂၁ ကြိမ်အထိပြုလုပ်ခဲ့ရာ ပြည်သူ ၂၈၄ ဦးသေဆုံးခဲ့ကြောင်း NUGအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“အကြမ်းဖက် မအလတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို မဟာဗျူဟာမြောက်ချေမှုန်းနိုင်တဲ့ လက် နက် တွေက ကျနော်တို့ဘက်မှာ နည်းနည်းပဲ ရှိတယ်။မအလတပ်တွေက ဝေဟင်ကို စိုးမိုးထားတယ်။ လေကြောင်း အားသာချက်နဲ့ပဲ မြေပြင်တိုက်ပွဲတွေကို အားသာအောင် လုပ်နေတယ်။ပြည်သူတွေကို လည်း ဗုံးကြဲ သတ်နေတယ်ဆိုတော့ လေကြောင်းရန်ကာကွယ်ရေးကို အသိပညာပေးတာနဲ့ ဗုံးခို ကျင်း တူးပေးတာ ကို နိုင်ငံတကာအကူအညီမရတောင် ပြည်ပရောက် တတ်နိုင်တဲ့ မြန်မာတွေရဲ့ ထည့်ဝင်လှူဒါန်းမှုနဲ့ သေချာလုပ်ပေးဖို့လိုမယ်”ဟု နယ်စပ်အခြေစိုက် CDMအရာရှိတစ်ဦးက ပြော သည်။
မြန်မာ့အမျိုး သမီးသမဂ္ဂကလည်း ဩဂုတ်လအတွင်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇၃ဦး သေဆုံးခဲ့သည့်အနက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုမှာ ၅၄ဦးရှိကြောင်း ထုတ်ပြန် ထားသည်။
ပြည်သူကိုပစ်မှတ်ထားသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ၂၀၂၅ခုနှစ်၊ဇန်နဝါရီတွင် ၂၄၇ ကြိမ်၊ဖေဖေါ်ဝါရီတွင် ၄၃၆ကြိမ်၊မတ်တွင် ၃၆၄ကြိမ်၊ ဧပြီတွင် ၅၀၈ကြိမ်၊ မေတွင် ၄၆၉ကြိမ်၊ ဇွန်တွင် ၃၃၆ကြိမ်၊ ဇူလိုင်တွင် ၄၆၅ကြိမ်နှင့် ဩဂုတ်တွင် ၄၉၃ကြိမ်ရှိပြီး ပြည်သူစုစုပေါင်း ၁၄၈၇ဦး သေဆုံး ခဲ့ပြီးဖြစ်ကြောင်း NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
