ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ပါတီဝင်အချို့သည် ပါတီကိစ္စရပ်များ လုပ်ဆောင်ရာတွင် ဘက်လိုက်မှုများရှိသည်ဟု ခံစားရသဖြင့် ပါတီမှ နုတ်ထွက်ကြောင်း လူမှုကွန်ရက်၌ ကြေညာမှုများ ရှိလာသည်။
PPP ပါတီမှ အတုအယောင်ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ကြသည့် အရှေ့ဒဂုံမြို့နယ် တိုင်းဒေသကြီး အမတ်လောင်းနှင့် အခြားပါတီဝင်တစ်ဦးတို့သည် ပါတီမှ နုတ်ထွက်ကြောင်း ကြေညာလာသည်ကို တွေ့ရသည်။
နှုတ်ထွက်ခဲ့သည့် အဆိုပါ ပါတီဝင်နှစ်ဦးသည် အမျိုးသမီးပါတီဝင်များဖြစ်ပြီး PPP ပါတီအနေဖြင့် ပါတီတွင်း ဘက်လိုက်မှုများ ပြုလုပ်သည်ဟုဆိုကာ နုတ်ထွက်ခဲ့ကြခြင်း ဖြစ်သည်။
“ပညာအရည်အချင်းကလည်း ကိုယ့်ထက်နိမ့်တယ်၊ စည်းရုံးရေးလည်း ဘယ်နေရာမှမဆင်း၊ အောင်နိုင်ရေးအတွက် ငွေလည်းမသုံး၊ အဲဒီလိုလူကို ပါတီက ရွေးချယ်တဲ့အတွက် ညီမျှမှုမရှိဘူးလို့ ခံစားရပါတယ်။ ပိုဆိုးတာက ကျွန်မ တာဝန်ယူထားတဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်ပါ ပေးအပ်လိုက်တဲ့အတွက် ပြည်သူ့ရှေ့ဆောင်ပါတီမှ ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်မှစ၍ နှုတ်ထွက်ကြောင်း ပြောကြားအပ်ပါသည်။” ဟု PPP ပါတီအတွက် ပါတီစည်းရုံးရေး ဆင်းနေခဲ့သည့် အမျိုးသမီးပါတီဝင် ဒေါ်ယဉ်ရနံ့က လူမှုကွန်ရက်တွင် ကြေညာထားသည်။
ထို့ပြင် PPP ပါတီမှ ပြီးခဲ့သည့် အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကာ ရှုံးနိမ့်ခဲ့သည့် အရှေ့ဒဂုံမြို့နယ် တိုင်းဒေသကြီး အမတ်လောင်း ဒေါ်ဝေနှင်းသူကလည်း PPP ပါတီသည် တရားမျှတမှုမရှိဟု ထင်မြင်သဖြင့် နုတ်ထွက်ရန်ရှိသည်ဟု အဆိုပါပို့စ်တွင် ဝင်ရောက်ရေးသားထားသည်။
“ငါ့ကိုလည်း ခေါ်ဦးလေ၊ မနက်မှ အတူစာတင်ကြမယ်။ ပါမယ်ဆိုတာ ကြိုသိလို့ ငွေတစ်ပြားအကုန်မခံ၊ လူတောင် ဓာတ်ပုံရိုက်ရုံလောက်ပဲ လာတဲ့သူကို ရွေးချယ်တာ တရားမျှတမှု လိုချင်လို့ ကိုယ်စားလှယ်ဝင် အရွေးခံကာမှ” ဟု ဒေါ်ဝေနှင်းသူက ရေးသားထားခြင်း ဖြစ်သည်။
ယင်းအပြင် ၎င်းက PPP ပါတီနှင့် ပတ်သက်၍ “မညီမျှမှု၊ ဘက်လိုက်မှု၊ အထက်ဖားအောက်ဖိတွေကို မကြိုက်လို့ နိုင်ငံရေးလမ်းကြောင်းပေါ် ရောက်လာခဲ့တာ၊ ကိုယ်ရွေးချယ်ခဲ့တဲ့နေရာက ဗဟိုအာဏာမရှိလို့သာ တော်သေးတယ်” ဟုလည်း ဆိုသည်။
ပြည်သူ့ရှေ့ဆောင်ပါတီသည် NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရသည့် ဒေါ်သက်သက်ခိုင် တည်ထောင်ထားသည့် ပါတီဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲတွင် အချိုးကျမဲဆန္ဒနယ် အနည်းငယ်တွင်သာ အနိုင်ရမှုများရှိသည့် ပါတီဖြစ်သည်။
ဒေါ်သက်သက်ခိုင်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား “တစ်ကွင်းလုံး ပတ်ကန်နေသည်” ဟု ဝေဖန်ခဲ့သူဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်၏ စစ်ကောင်စီ၌ ဝန်ကြီးဖြစ်ခဲ့သူလည်း ဖြစ်သည်။
သို့သော် အာဏာသိမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အရည်အချင်း မပြည့်မီဟူသည့် အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲဝင်ခွင့် မရခဲ့ဘဲ၊ ပြီးခဲ့သည့်လကမူ နိုင်ငံခြားသံတမန်များကို ခွင့်ပြုချက်မရှိဘဲ တွေ့ဆုံသည်ဟုဆိုကာ အာဏာသိမ်းစစ်တပ်၏ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခြင်းကို ခံထားရသည်။
ယခုလည်း ဒေါ်သက်သက်ခိုင်၏ ပါတီသည် ဘက်လိုက်ခြင်း တရားမျှတမှု မရှိခြင်းများ ရှိနေသည် ဆိုကာ ပါတီဝင်များ နုတ်ထွက်မှုများ ပေါ်ပေါက်လျှက်ရှိနေခြင်း ဖြစ်သည်။
စာတည်း-ကိုဆန်း
