စစ်အုပ်စု ဆရာတစ်သိန်းကျော်ကို အလုပ်ဖြုတ်ပြီး အနည်းဆုံး ၃၇ ဦးအား သတ်ဖြတ်ခဲ့ဟုဆို

စစ်အုပ်စုက ဆရာ တစ်သိန်းကျော်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အနည်းဆုံး ၃၇ဦးအား သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။

စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီအတွင်း ဆရာ ၁၂၅,၀၀၀ ကျော်ကို ရာထူး မှထုတ်ပယ်ခဲ့ပြီး ဆရာ ၅၀၀ ခန့်အား ဖမ်းဆီးခဲ့ကာ အဖမ်းခံရသူများအနက် ၃၉၆ ဦးမှာ အကျဥ်းထောင်များ၌ ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း NUG အစိုးရ ၊ ပြည်ထောင်စု‌ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

“အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်အတွင်း ကျောင်းတွေကို လက်နက်ကြီး၊ လေကြောင်း အပါအဝင် တိုက်ခိုက်မှု ၂၁၇ ကြိမ်ပြုလုပ်ခဲ့ပြီး ကျောင်းတွေကို စစ်ရေးအရ အသုံးပြုမှု ၁၄၁ ကြိမ် ရှိခဲ့ကြောင်း စစ်တမ်းတခုအရ သိရှိရပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေသော စစ်ကော်မရှင်သည် CDMဝန်ထမ်းများကို ပြန်ခေါ်နေပြီး အမည်မည်းစာရင်း Black List စာရင်းမှ ပယ်ဖျက်ပေးမည်ဟု ဇန်နဝါ ရီ၃၁ရက်က ထုတ်ပြန်ထားသေးသည်။

“ကျမ သိရသလောက် မဲဆောက်မှာရှိတဲ့ CDM ဝန်ထမ်းတွေထဲက ပြန်ဝင်တဲ့သူ တစ်ယောက်မှမရှိဘူး။ စစ်တပ်ကိုလည်း အယုံအကြည်မရှိကြဘူး”ဟု မဲဆောက်ရောက်နေသည့် ရန်ကုန်တိုင်းအတွင်းရှိ CDM ဆရာမတစ်ဦးက MPAသို့ပြောသည်။

စစ်တပ်က စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းနှင့် စစ်ရေးအရ အသုံးပြုခြင်းသည် နိုင်ငံတကာ ဥပဒေများအားချိုးဖောက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းအနေ နှင့် လက်ပိုက်ကြည့်မနေဘဲ လေကြောင်းရန်ကာကွယ်ရေးနှင့် ကလေးတို့၏ အနာဂတ်ကို ကာကွယ်ပေး အစီအမံများအား တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလုပ်ဆောင်ရန် NUGအစိုးရ ကတိုက်တွန်းသည်။

စာတည်း-ML