စားသောက်ဆိုင်အမှတ်ဖြင့် နာရေးအိမ်သို့ မှားဝင်မိသည့် ကမ္ဘာလှည့်ခရီးသည်များကို ထိုင်းအိမ်ရှင်များက နွေးထွေးစွာ ဧည့်ခံ

Khaosod English

ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီသမ္မရာဇ်ခရိုင်ရှိ ခနွန်မြို့နယ်တွင် ပြုလုပ်သည့် နာရေးအခမ်းအနားတစ်ခုသို့ နိုင်ငံခြားသားခရီးသွားများက စားသောက်ဆိုင်တန်း (Food Court) အမှတ်ဖြင့် မှားယွင်းဝင်ရောက်ခဲ့ရာတွင် အိမ်ရှင်ဖြစ်သူများက နွေးထွေးပျူငှာစွာ ဧည့်ခံကျွေးမွေးခဲ့သည့် ဖြစ်ရပ်မှာ အွန်လိုင်းလူမှုကွန်ရက်ပေါ်၌ အထူးရေပန်းစားလျက်ရှိသည်။

အဆိုပါဖြစ်ရပ်မှာ ညဈေးတစ်ခုအနီးတွင် နာရေးအခမ်းအနား ကျင်းပနေခြင်းဖြစ်ပြီး အိမ်ရှင်များက ဒေသထုံးစံနှင့်အညီ လာရောက်သူများအား ညစာတည်ခင်းဧည့်ခံနေသည့် အချိန်လည်းဖြစ်သည်။ ထိုစဉ် ခရီးသွားအချို့မှာ အဆိုပါနေရာအား စားသောက်ဆိုင်ဟု ထင်မှတ်ကာ ဝင်ရောက်ထိုင်ခဲ့ကြပြီး စားစရာများ မှာယူရန် မေးမြန်းခဲ့ကြခြင်းဖြစ်သည်။

အိမ်ရှင်များက ၎င်းနေရာမှာ နာရေးအိမ်ဖြစ်ကြောင်း ရှင်းပြခဲ့ရာ ခရီးသွားများမှာ အားနာစွာဖြင့် တုန်လှုပ်သွားခဲ့ကြသော်လည်း ဆက်လက်ထိုင်နေခွင့်ရှိမရှိ ယဉ်ကျေးစွာ ခွင့်တောင်းခဲ့ကြသည်။

အိမ်ရှင်ဖြစ်သူများကလည်း တစ်စုံတစ်ရာ တွန့်ဆုတ်ခြင်းမရှိဘဲ ခရီးသွားများအား ရင်းနှီးဖော်ရွေစွာ ကြိုဆိုခဲ့သည့်အပြင် နာရေးဧည့်သည်များကဲ့သို့ပင် ထိုင်းလက်ဖက်ရည်၊ နို့ဆီအေးနှင့် မုန့်များကို အခမဲ့ တည်ခင်းဧည့်ခံခဲ့သည်။

ယင်းဖြစ်ရပ်နှင့် အလားတူပင် နောက်တစ်နေ့တွင်လည်း ဒတ်ခ်ျလူမျိုး မောင်နှမသုံးဦးမှာ အဆိုပါနာရေးအိမ်သို့ စားသောက်ဆိုင်အမှတ်ဖြင့် ထပ်မံရောက်ရှိလာခဲ့ရာ အိမ်ရှင်များကပင် အခြေအနေကို ရှင်းပြကာ အတူတကွ စားသောက်ရန် ဖိတ်ခေါ်ခဲ့ကြပြန်သည်။

ယင်းသို့ ထိုင်းလူမျိုးတို့၏ စေတနာနှင့် ယဉ်ကျေးမှုပွင့်လင်းမှုကို တွေ့မြင်ခဲ့ရသည့်အတွက် ခရီးသွားများမှာ အထူးအံ့အားသင့်ခဲ့ကြပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိခဲ့ကြသည်။

လူမှုကွန်ရက်အသုံးပြုသူများကလည်း ယင်းဖြစ်ရပ် ဗီဒီယိုဖိုင်အပေါ် မှတ်ချက်ပြုကြရာတွင် အိမ်ရှင်များ၏ ကြင်နာတတ်သည့် စိတ်ထားမှာ ချီးကျူးဖွယ်ရာဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဧည့်ဝတ်ကျေပွန်မှုကို ကောင်းစွာ ထင်ဟပ်စေကြောင်း ဖော်ပြခဲ့ကြသည်။

ခရီးသွားများကမူ ယခုအတွေ့အကြုံမှာ ၎င်းတို့အတွက် ထိုင်းနိုင်ငံတွင် မမေ့နိုင်စရာ ထူးခြားသည့် အမှတ်တရတစ်ခု ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။