စစ်ကော်မရှင် လက်အောက်ခံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဌာန်းလိုက်ကြောင်း ရာထူးများစွာ ရယူထားသည့် မင်းအောင်လှိုင် လက်မှတ်ဖြင့် ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံး၍ ပြဌာန်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
“တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ ဆိုတာက တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ကြုံလာရင် သုံးရမယ့် ပြဌာန်းချက်မျိုးပါ။ ဒါပေမဲ့ အခုက လွှတ်တော်လည်း မရှိ၊ ပြည်သူ့ကိုယ်စားလှယ်တွေလည်း မရှိဘဲနဲ့ စစ်ခေါင်းဆောင် တစ်ယောက်တည်းကနေ ငါဟာ ဥပဒေပြုပိုင်ခွင့်ရှိတယ် ဆိုပြီး လုပ်နေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တကယ့်အနှစ်သာရကို ချိုးဖောက်နေတာ” ဟု နိုင်ငံရေး သိပ္ပံလေ့လာနေသူတစ်ဦးက မှတ်ချက်ပြုသည်။
ယင်းဥပဒေ၏ ရည်ရွယ်ချက်များတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန်ဟူသော အချက်များ ပါဝင်နေပြီး ယခုကဲ့သို့ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရန် ဆောင်ရွက်ခြင်းသည် NLD အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံ ရာထူးကို ပုံစံတူကူးယူထားခြင်းဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။
“၂၀၁၆ တုန်းက NLD က နိုင်ငံတော်အတိုင်ပင်ခံ ရာထူးကို ဥပဒေနဲ့ ပြဌာန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးတုန်းက စစ်တပ်က ဒါဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးဆိုပြီး အကြီးအကျယ် ကန့်ကွက်ခဲ့တာလေ။ အခုကျမှ သူတို့ကိုယ်တိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဆိုပြီး နာမည်လေးနည်းနည်းပြင်ကာ ပုံစံတူကြီး ပြန်လုပ်လာတာက တကယ့်ကို ရယ်စရာကောင်းတဲ့ ကွဲလွဲချက်ပဲ၊ NLD ကို မုန်းပေမဲ့ NLD ရဲ့ အကွက်ကို လိုက်တုတာ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
ဥပဒေ၏ အခန်း (၃) တွင် ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၌ နိုင်ငံတော်သမ္မတအား အကြံပေးရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန်အတွက် ဤကောင်စီကို ဖွဲ့စည်းရန် ဖော်ပြထားပြီး ၎င်းအချက်သည် သမ္မတ၏ အုပ်ချုပ်ရေးအာဏာအပေါ်တွင် အထက်အဖွဲ့အစည်းတစ်ခု ထပ်ဆင့်၍ ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံလေ့လာသူများက ထောက်ပြကြသည်။
အဆိုပါကောင်စီကို ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် အနည်းဆုံး ၅ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ၎င်းတို့၏ သက်တမ်းမှာ နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်းဖြစ်ကြောင်း ပြဌာန်းထားသည်။
လက်ရှိကျင်းပပြီးစီးခဲ့သော အတုအယောင်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားသဖြင့် ၎င်းတို့အစိုးရဖွဲ့ချိန်၌ စစ်ခေါင်းဆောင်က ဤကောင်စီကို အသုံးချကာ နောက်ကွယ်မှ အမိန့်ပေးရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
နိုင်ငံရေးသုံးသပ်သူတစ်ဦးက “မင်းအောင်လှိုင်အနေနဲ့ သမ္မတရာထူးက ဆင်းပေးရရင်တောင် ဒီအတိုင်ပင်ခံကောင်စီမှာ ဥက္ကဋ္ဌလုပ်ပြီး အစိုးရသစ်ကို ခြယ်လှယ်သွားမယ့်ပုံစံရှိတယ်။ အဓိကတော့ အာဏာကို လက်မလွှတ်လို့တဲ့သဘောပဲလေ၊ စစ်အုပ်စုရဲ့ နိုင်ငံရေး ကောက်ကျစ်တဲ့ နည်းလမ်းတစ်ခုပဲ” ဟု သုံးသပ်သည်။
ထိုကဲ့သို့ နည်းလမ်းဖြင့် စစ်တပ်သည် အရပ်သားအစိုးရအသွင်ဆောင်ကာ တက်လာမည့် အစိုးရကို ၎င်းတို့၏ ဩဇာအောက်တွင် ထားရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့အပြင် ဥပဒေတွင် ကောင်စီဝင်များ၏ လစာ၊ စရိတ်နှင့် ခံစားခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးရမည်ဟု ဖော်ပြထားရာ နိုင်ငံတော်ဘတ်ဂျက်ကို အသုံးပြု၍ စစ်အုပ်စု၏ အာဏာတည်မြဲရေး ယန္တရားတစ်ခုကို တရားဝင်တည်ဆောက်လိုက်ခြင်းလည်း ဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူကများဆိုသည် ။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံး၏ လုပ်ငန်းစဉ်များအတွက် နိုင်ငံတော်သမ္မတရုံးက စီစဉ်ဆောင်ရွက်ပေးရမည်ဟု ပြဌာန်းချက်အရ သမ္မတရုံးသည် ဤကောင်စီ၏ လက်အောက်ခံသဖွယ် ဖြစ်သွားနိုင်သည်ကို နိုင်ငံရေးသိပ္ပံရှုထောင့်မှ စိုးရိမ်မှုများရှိနေသည်။
ဤဥပဒေသည် ၂၀၂၅ ခုနှစ်အတွင်း ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရားဥပဒေကြောင်းအရ အကာအကွယ်ယူရန်နှင့် နိုင်ငံတကာ၏ ဖိအားများကို ဟန်ပြအစိုးရဖြင့် ခုခံရန် ကြိုးပမ်းမှုတစ်ခုအဖြစ်လည်း ရှုမြင်ကြသည်။
စာတည်း-ကိုဆန်း
