ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ သကြားစက်အနီးရှိ စစ်တပ်ဂိတ်ကို PDF ရဲဘော်တစ်ဦးတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးသေဆုံးကာ သေနတ် ၂လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၅ရက်၊ ညနေ ၄နာရီခွဲခန့်တွင် ဇေယျဝတီမြို့၊ သကြားစက်အနီးရှိ စစ်တပ်ဂိတ်ကို PDFရဲဘော်တစ်ဦးက ၉မမပစ္စတိုဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီအမှတ် ၃တပ်ရင်းက သတင်းထုတ်ပြန်သည်။
” ဂိတ်မှာက အင်အား ၁၁ဦးလောက်ရှိတယ်ဗျ။ သို့သော်၊ ဂိတ်မှာတော့ ၂ယောက်စီ အလှည့်ကျစောင့်ကြတဲ့ အခြေအနေရှိတယ်ပေါ့နော်။ အဲ့အချိန်မှာ သူတို့စစ်ကောင်စီတစ်ယောက်ကတော့ သေနတ်ထားခဲ့ပြီးတော့ ကွမ်းသွားဝယ်နေတယ်ပေါ့။ တစ်ယောက်ပဲ ရှိနေတဲ့အခြေအနေမျိုးမှာ ကျနော်တို့ သေသေချာချာ သတင်းထောက်လှမ်းပြီး ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်” ဟု ဧရာဝတီအမှတ် ၃တပ်ရင်း၊ ထောက်လှမ်းရေးတာဝန်ခံ ရဲဘော်ရောင်နီက MPA သို့ပြောသည်။
ကျန်စစ်သားများမှာ သကြားစက် အနီးရှိ ပြည်သူနေအိမ်များတွင် တပ်စွဲနေထိုင်ကြကြောင်း သိရသည်။
” အဲ့ဘက်မှာလည်း ပြည်သူတွေက ဒီလိုအခြေအနေတွေဖြစ်တော့ ရှောင်နေကြတဲ့ အိမ်အလွတ်တွေ ရှိတယ်ပေါ့နော်။ အဲ့အချိန်ဆို သူတို့၊ ဒါ ညနေ ၃နာရီ၊ ၄နာရီဆို အရက်သေစာ သောက်စား နေတဲ့ အခြေအနေရှိတယ်ပေါ့ဗျာ။ အဲဒါကြောင့်လည်း ကျနော်တို့ကို သူတို့ချက်ချင်း Action မယူနိုင်ခဲ့တဲ့အခြေအနေပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် MA3 သေနတ်တစ်လက် ၊MA11 တစ်လက်၊ ကျည်ဘောက် ၂ ခုနှင့် ကျည် အတောင့် ၄၀တို့ သိမ်းဆည်းရရှိခဲ့ပြီး ဝင်တိုက်သည့်PDF ရဲဘော် အထိအခိုက်မရှိကြောင်းသိရသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ည ၁၀နာရီဝန်းကျင်အထိ တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် နယ်မြေများဘက်သို့ လက်နက်ကြီး အလုံး ၂၀ထက်မနည်း ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်းသိရသည်။
သကြားစက်သည် ဇေယျဝတီမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးတွင် ရှိသည်။
တပ်ကြပ်ကြီးသေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
