ဂန့်ဂေါမြို့ပေါ်သို့ ဆေးခန်းတက်ပြသည့် လင်မယားကို စစ်တပ် ဖမ်းဆီး

ဓာတ်ပုံ - Highlander Photo Story

မကွေးတိုင်း၊ ဂန့်ဂေါ်မြို့ပေါ်သို့ ဆေးခန်းတက်ပြသည့် လင်မယားကို စစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။

ဇန်နဝါရီ ၅ရက်၊ နံနက် ၈ နာရီခန့်တွင် ဂန့်ဂေါမြို့အဝင်ဂိတ်တစ်ခုဖြစ်သည့် ဝီလပ်တံတားဂိတ်ရှိ စစ်သားများက ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာမှ မြို့ပေါ်သို့ ဆေးခန်းလာပြသည့် အမျိုးသား၂ဦးနှင့် အမျိုးသမီး၂ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယောအလင်းတန်းအဖွဲ့ထံက သိရသည်။

” လင်မယားတွေပါ။ နေမကောင်းလို့ ဆေးခန်းတက်ပြကြတာ။ အသက်၄၀အရွယ်တွေပါ။ ညနေပိုင်းကျတော့ လင်မယားတစ်တွဲကို ပြန်လွှတ်ပေးပြီး တစ်တွဲကို ဆက်ဖမ်းထားတယ်လို့ သိရတယ်။ ရိုက်နှက်တာမျိုးတော့ မရှိဘူး။ ငွေပေးလို့ လွတ်လာတာဟုတ်၊မဟုတ်တော့ မသိရဘူး။ အရင်က အဖမ်းခံရလူတွေဆို ငွေပေးရတာမျိုးတွေ ရှိတယ်။ သူတို့ကိုတော့ ငွေပေးခဲ့ရတာ ရှိ၊မရှိ အတည်မပြုနိုင်ဘူး”ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

လင်မယား၂တွဲစလုံးမှာ ဇာဟောရွာသားများဖြစ်ပြီး ဆေးကုရန် အတူတက်လာကြခြင်းဖြစ်ကာ ဖမ်းဆီးခံထားရသေးသည့် လင်မယား၂ဦးကို တော်လှန်ရေးနှင့် ဆက်နွယ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။

” ဇာဟောရွာဆိုတာက သူတို့ ( စစ်တပ် ) ရဲ့ ပစ်မှတ်ရွာလို့ ပြောလို့ရတယ်။ အဲဒီရွာတွေကျ တော်လှန်ရေးနယ်မြေတွေဆိုတော့ ဒီရွာကို ပစ်မှတ်ထားတာလည်း ပါတယ်။ တော်လှန်ရေးနဲ့ ဆက်နွယ်တယ်ဆိုပြီး ခေါင်းစဉ်တပ် ဆက်ဖမ်းထားတာပေါ့။ မြို့ပေါ်က လက်နက်ကြီးထုပြီးဆိုလည်း အဲဒီဇာ‌ဟောရွာကိုပဲ ဦးတည်ထုဝာာ များတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အင်အား ၃၀၀ ခန့်ရှိသည့် ခလရ ၅၀တပ်ရင်း အနီး ၃ဖာလုံ ပတ်ဝန်းကျင်တွင်လည်း ဇန်နဝါရီ ၃ရက်၌ စစ်တပ်က မိုင်းများဆင်ထားကြောင်းလည်း သိရသည်။

ဇာဟောရွာသည် ဂန့်ဂေါမြို့၏ ၄မိုင်ခန့်အကွာတွင် တည်ရှိသည်။