ဖားကန့်မြို့ပေါ် သစ်စက်ထဲသို့ လက်နက်ကြီးကျ၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရ

ဓာတ်ပုံ - ပေးပို့
ပုံစာ - ဒဏ်ရာရရှိခဲ့သည့် သစ်စက်ပိုင်ရှင်အမျိုးသမီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်ရှိ သစ်စက်ထဲသို့ လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီး၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၅ရက်၊ ညနေ ၆နာရီခွဲက ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်အနောက်ဘက်တွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာမှ ယင်းရပ်ကွက်ရှိ သစ်စက်ထဲသို့ လက်နက်ကြီးတစ်လုံးကျရောက်ခဲ့ရာ သစ်စက်ပိုင်ရှင် အမျိုးသမီးနှင့် သစ်စက်ဘေးရှိ ဘုရား‌ကျောင်းမှ သင်းအုပ်ဆရာ၏သမီးဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” တိုက်ပွဲကလည်း ဖြစ်နေတာ။ မရှီကထောင်ရပ်ကွက်ရဲ့ တစ်ဝက်လောက်ကိုလည်း စစ်သားတွေတပ်စွဲထားကြတာ။ လက်နက်ကြီးက သစ်စက်ထဲကိုကျတာ။ ဘုရားကျောင်းနဲ့ကပ်လျက်ဆိုတော့ အစစင်တာ။ သစ်စက်ပိုင်ရှင် အမျိုးသမီးတစ်ဦး ခေါင်းထိဒဏ်ရာရပြီး ဘုရားကျောင်းက သင်းအုပ်ဆရာသမီး နံရိုးထိ ဒဏ်ရာရတယ်။ ဆေးခန်းတော့ ပို့ပြီးပါပြီ။ အဆောက်အအုံတွေ ထိခိုက်မှုရှိပေမဲ့ အတိအကျတော့ မသိရဘူး” ဟု ဖားကန့်မြို့ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။

အပြန်အလှန်တိုက်ပွဲဖြစ်ပွားရာမှ လူနေရပ်ကွက်ထဲသို့ လက်နက်ကျရောက်ခဲ့ခြင်းဖြစ်ပြီး မည့်သည့်ဘက်က ပစ်ခတ်သည်ကို မသိရှိရကြောင်း ၎င်းကပြောသည်။

” မရှီကထောင်ကကျ မြို့ပေါ်ရပ်ကွက်ဆိုတော့ များသောအားဖြင့် မြို့ပေါ်တွေက မရှောင်ကြဘူး။ ကိုယ့်အိမ်ထဲကိုယ်နေကြတာပေါ့။ ခုကလည်း သစ်စက်ထဲထိ ကျလာလို့သာ ဖြစ်သွားတာ။ ဥပမာ- တိုက်ပွဲကြီးဖော်ဆောင်လာတာမျိုးတို့၊ ဖားကန့်ဗျူဟာကုန်းအထိ ဝိုင်းလာရင်တော့ ရှောင်ကြမှာပေါ့။ ခုဟာ စစ်ကြောင်းက ဆိုင်းတောင်ဘက်ကို တိုးချင်နေတဲ့ပုံစံမို့ တော်လှန်ရေးဘက်က ခုခံနေတဲ့ပုံစံဆိုတော့။ ဖားကန့်လူထုက စစ်ပါးဝနေကြပြီ။ ဒီဘက်ဒေသမှာက ( တိုက်ပွဲ ) ဖြစ်တာတော့ဖြစ်နေတာပဲ။ ပစ်ခတ်သံတွေ ကြားနေရပေမဲ့ အသွားအလာမပျက်ကြဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။

မရှီကထောင်ရပ်ကွက်တွင် စစ်ကော်မရှင် ရဲတပ်ရင်း ၃၀ လည်း တည်ရှိပြီး ယင်းတပ်ရင်းနားသို့ လက်နက်ကြီးကျရောက်မှုလည်း ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၃၀ရက်မှစ၍ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် သီလရှင်ကုန်းမှ စစ်တပ်က စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယနေ့ ( ဖေဖော်ဝါရီ ၆ရက် ) မွန်းလွဲပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

ဖေဖော်ဝါရီ ၃ရက်က စစ်‌တပ်ထိုင်ထားသည့် ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာကို KIA ပူးပေါင်းတပ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။