နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အကိုတစ်ဝမ်းကွဲဖြစ်သူ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်း(၈၃နှစ်) ကွယ်လွန်သွားခြင်းအပေါ် NUGအစိုးရက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ ခဲ့သည်။
အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏သား၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တူတော်စပ်သူ ဒေါက်တာစိန်ဝင်းသည် ဖေဖေါ်ဝါရီ၆ရက်၊ဒေသစံတော်ချိန် နံနက်၆နာရီ၄၅မိနစ်ခန့် တွင် အမေရိကန်ပြည်ထောင်စု၊မေရီလန်းပြည်နယ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာစိန်ဝင်းသည် မြန်မာ့ ဒီမိုကရေစီရေး၊ တရားမျှတမှု၊ အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ဘဝတစ်သက်တာလုံး ဆောင် ရွက်ခဲ့သည့် သမိုင်းဝင်ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြထား သည်။
ဒေါက်တာစိန်ဝင်းသည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ နယ် မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၊ မြန်မာ့နိုင်ငံရေး အကျပ်အ တည်းများအတွင်း ပြည်ပသို့ ထွက်ခွာကာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအ စိုးရ (NCGUB) ကို ဦးဆောင်၍ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူလျက် မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံ တကာစာမျက်နှာတွင် ကိုယ်စားပြုဖော်ဆောင်ခဲ့ကြောင်းအထူးသဖြင့် ပြည်ပရောက် တော်လှန်ရေး အစိုးရတစ်ရပ်ကို ခက်ခဲကြမ်းတမ်းသော အခြေအနေများကြားမှ အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့ ကြောင်း၊ ပြည်ပရောက် အမျိုးသားညွန့်ပေါင်းအစိုးရကို ဦးဆောင်စဉ် ကာလအတွင်း ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ကို တည်ထောင်နိုင်ခဲ့ခြင်းနှင့် နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ခံမှုကို ရယူနိုင်ခဲ့ကာ ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ဆောင်ရွက်နိုင်ခဲ့ခြင်းများသည် မြန်မာ့ဒီမိုကရေစီသမိုင်းတွင် မော်ကွန်းထိုးရမည့် အောင်မြင်မှုများဖြစ်ကြောင်း NUGအစိုးရက ဆိုသည်။
၁၉၉၀ရွေးကောက်ခံအမတ်တစ်ဦးဖြစ်ပြီး NCGUB ၏ ဝန်ကြီးလည်း ဖြစ်ခဲ့သူ ဒေါက်တာတင့်ဆွေက “ဒေါက်တာစိန်ဝင်းက သွားနှင့်ပြီ။ သူဦးဆောင်ခဲ့တဲ့ NCGUB နဲ့ သူ့သမိုင်း ကျန်ရစ်ပါတယ်”ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးသားထားသည်။
ဒေါက်တာစိန်ဝင်း၏ “နိုင်ငံရေးအရ တရားဝင်မှု” (Political Legitimacy) ကို ကိုင်စွဲကာ အမှန်တရား ဘက်မှ ရပ်တည်ခဲ့သည့် လုပ်ရပ်များသည် ယနေ့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေး အင်အားစုများ လျှောက်လှမ်းနေသော လမ်းကြောင်းအတွက် ခိုင်မာသော အခြေခံအုတ်မြစ် များ ဖြစ်ကြောင်းဒေါက်တာစိန်ဝင်း ကွယ်လွန်ခြင်းသည် မြန်မာ့ဒီမိုကရေစီ တိုက်ပွဲအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ၎င်း၏ ရည်မှန်းချက်ဖြစ်သော အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆက်လက်၍ အားသွန်ခွန်စိုက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကတိသစ္စာပြုသည်ဟုလည်း NUGအစိုးရက ထုတ်ပြန်သည်။
ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)ကို ၁၉၉၂ခုနှစ်တွင် ဦးဆောင်တည်ထောင်ခဲ့ပြီး ၂၀၁၂ခုနှစ်အထိ ဘုတ်အဖွဲ့၏ ဥက္ကဌအဖြစ်နှင့် အဖွဲ့ဝင်လူကြီးအဖြစ် တာဝန်ယူခဲ့သော ဒေါက်တာစိန်ဝင်းကွယ်လွန် သွားသည့်အပေါ် အထူးကြေကွဲဝမ်းနည်းကြောင်း DVB ကလည်း ထုတ်ပြန်ထားသည်။
