ဓလေ့ထုံးစံအရ မအင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ခံရမှုနှင့် ကြုံတွေ့ရနိုင်သည့် မိန်းကလေးအရေအတွက် ယခုနှစ်တွင် ၄ သန်းကျော် ရှိလာနိုင်

ဓာတ်ပုံ - UNICEF

ကမ္ဘာပေါ်တွင် ဓလေ့ထုံးစံအရ မအင်္ဂါအစိတ်အပိုင်းဖြတ်တောက်ခံရမှုနှင့် ကြုံတွေ့ရနိုင်သည့် မိန်းကလေးအရေအတွက်သည် ၂၀၂၆ ခုနှစ်တွင် ၄ ဒသမ ၅ သန်းအထိ ရှိလာနိင်ကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၆ ရက်တွင် သတိပေးထားသည်။

အသက်ငါးနှစ်အောက် မိန်းကလေးငယ်များအနေဖြင့် Female Genital Mutilation – FGM ခေါ် မအင်္ဂါအစိတ်အပိုင်းအချို့အား ဖြတ်ထုတ်ခြင်း ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ပိတ်ချုပ်ခြင်းဖြစ်စေ ပြုလုပ်ခံရနိုင်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က နိုင်ငံတကာ အမျိုးသမီးအင်္ဂါဖြတ်တောက်မှု အစဥ်အလာပပျောက်ရေးနေ့ (International Day of Zero Tolerance for FGM) က ပူးတွဲထုတ်ပြန်သော ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အသက်ငါးနှစ်အောက် မိန်းကကလေးငယ်များသည်ပင် အဆိုပါဓလေ့ထုံးတမ်း၏ သားကောင်များဖြစ်နေရပြီး ယင်းသည် တစ်သက်တာလုံး ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရစေနိုင်ကြောင်း ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ (UN Women) က ဆိုသည်။

မိန်းကလေးငယ်များ၏ အပျိုစင်ဘဝကို ထိန်းသိမ်းနိုင်သည်ဟူသော အခြေအမြစ်မရှိသည့် ယုံကြည်ချက်များအပေါ် အခြေခံ၍ အဆိုပါလုပ်ရပ်ကို အရွယ်မရောက်မီ မိန်းကလေးငယ်များအပေါ်တွင် အများဆုံးလုပ်ဆောင်လေ့ရှိကြသည်။

လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း သန်း ၂၃၀ ခန့်မှာ အဆိုပါအင်္ဂါဖြတ်တောက်မှုဒဏ်ကို ခံစားခဲ့ရသူများဖြစ်ကြောင်း ကုလသမဂ္ဂက ဖော်ပြထားသည်။

“ယင်းလုပ်ရပ်သည် မိန်းကလေးများနှင့် အမျိုးသမီးများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပြီး တစ်သက်တာလုံး ပြင်းထန်သော နောက်ဆက်တွဲဝေဒနာများကို ခံစားရစေနိုင်သည်” ဟု ကုလသမဂ္ဂအေဂျင်စီ အကြီးအကဲများက ပြောကြားသည်။

အဆိုပါ လုပ်ဆောင်ချက်များသည် ဆိုမာလီယာ၊ ဂီနီ၊ ဂျီဘူတီ၊ မာလီ၊ အီဂျစ်စသည့် နိုင်ငံများရှိ မိန်းကလေးငယ် ၉၀ ရာခိုင်နှုန်းကျော်မှ ၈၀ ရာခိုင်နှုန်းအထိ ဖြစ်ပွားနေသည်။

ဒေသအားဖြင့် အာဖရိကတိုက်တွင် ၁၄၄ သန်းခန့်၊ အာရှတိုက်တွင် သန်း ၈၀ ခန့်နှင့် အရှေ့အလယ်ပိုင်းတွင် ၆ သန်းခန့် ရှိနေသည်။