ပါကစ္စတန်နိုင်ငံတွင် အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့သည်။
မြို့တော် အစ္စလာမ်မာဘတ် ဆင်ခြေဖုံးရှိ ရှီအိုက်ဗလီတစ်ခုဖြစ်သော ခါဒီဂျာ အယ်လ်ကူဘရာ (Khadija Al-Kubra) ဗလီ တွင် ဖေဖော်ဝါရီ ၆ ရက် သောကြာနေ့ နံနက်ပိုင်း ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေစဥ်အတွင်း အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကို အစ္စလာမ်မစ်နိုင်ငံတော် (IS) အကြမ်းဖက်အဖွဲ့က ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယခင်က ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက အဆိုပါ တိုက်ခိုက်မှုနောက်ကွယ်တွင် တာလီဘန်အဖွဲ့ ရှိနေပြီး အိန္ဒိယနိုင်ငံ၏ ကြိုးကိုင်မှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အိန္ဒိယကမူ အဆိုပါစွပ်စွဲချက်မှာ “အခြေအမြစ်မရှိ” ဟု ဆိုကာ ပယ်ချခဲ့သည်။
ပါကစ္စတန်သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီက “အပြစ်မဲ့အရပ်သားတွေကို ပစ်မှတ်ထားတာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဖြစ်ပါတယ်” ဟု မစ္စတာ ဇာဒါရီက ဆိုသည်။ “ဒီလိုခက်ခဲတဲ့ အချိန်မှာ တစ်နိုင်ငံလုံးက ထိခိုက်ခံစားရတဲ့ မိသားစုတွေနဲ့အတူ ရှိနေပါတယ်” ဟု ပြောကြားသည်။
ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်ကလည်း စုံစမ်းစစ်ဆေးမှုများ အပြည့်အဝလုပ်ဆောင်ရန် ညွှန်ကြားထားပြီး “တာဝန်ရှိသူများကို ဖော်ထုတ်ကာ အပြစ်ပေးရမည်” ဟု ဆိုသည်။
ဗလီလုံခြုံရေးဝန်ထမ်းများက သံသယရှိသူအား ကြားဖြတ်တားဆီးရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းက သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် ဝတ်ပြုသူများ၏ နောက်ဆုံးတန်းတွင် ဗုံးခွဲခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာဆစ်ဖ် က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး အိန္ဒိယနိုင်ငံအနေဖြင့် ပါကစ္စတန်အပေါ် “ကြားခံအဖွဲ့အစည်းများ” အသုံးပြု၍ တိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့သည်။
“အိန္ဒိယနဲ့ တာလီဘန်တို့အကြား မဟာမိတ်ဖွဲ့ထားတဲ့ အထောက်အထားတွေကို ဖော်ထုတ်နေပါတယ်။ ဒီလို ဖိနှိပ်မှုအပေါ် နိုင်ငံတော်က အင်အားအပြည့်နဲ့ တုံ့ပြန်သွားမှာပါ” ဟု ၎င်းက ရေးသားခဲ့သည်။
သို့သော် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက “ပါကစ္စတန်အနေနဲ့ သူတို့တို့လူမှုအသိုင်းအဝိုင်းအတွင်းက ပြဿနာတွေကို အလေးအနက် ဖြေရှင်းမယ့်အစား မိမိနိုင်ငံတွင်းက အမှားအယွင်းတွေအတွက် သူတစ်ပါးကို အပြစ်တင်ပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာဟာ စိတ်မကောင်းစရာပါပဲ” ဟု X တွင် ပြန်လည်တုံ့ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ် သြဂုတ်လတွင် အာဏာပြန်လည်ရရှိခဲ့သော အာဖဂန်နစ္စတန် တာလီဘန်အစိုးရအား စစ်သွေးကြွများကို ခိုအောင်းခွင့်ပေးထားသည်ဟု ပါကစ္စတန်က မကြာခဏ စွပ်စွဲလေ့ရှိသည်။
သို့သော် အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပါဝင်ပတ်သက်မှုများကို ငြင်းဆိုထားပြီး ဗလီများအား တိုက်ခိုက်ခြင်းသည် အစ္စလာမ်ဘာသာ၏ တန်ဖိုးများနှင့် ဆန့်ကျင်နေကြောင်း ပြောကြားကာ တိုက်ခိုက်မှုကို ပြစ်တင်ရှုံ့ချခဲ့သည်။
