ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူနာတစ်ဦးသည် နီပါးဗိုင်းရပ်စ် (Nipah virus) ကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဆေးရုံတက်ခဲ့ရသည့် လူနာတစ်ဦးထံမှ လည်ချောင်းတို့ဖတ်နှင့် သွေးနမူနာများကို ကျန်းမာရေးအဖွဲ့က ရယူခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း WHO က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ဓာတ်ခွဲခန်းစစ်ဆေးချက်များအရ လူနာသည် အဆိုပါဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် နီပါးဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦးရှိကြောင်း ပြီးခဲ့သည့် သတင်းပတ်အတွင်းက အတည်ပြုနိုင်ခဲ့သည်။
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် နီပါးဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားခြင်းကြောင့် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံအချို့တွင် စိုးရိမ်မှုများ မြင့်တက်လာပြီး လေဆိပ်များ၌ ကျန်းမာရေးစစ်ဆေးမှုများ ပိုမိုတင်းကျပ်လာခဲ့သည်။
သို့သော် WHO က လက်ရှိရရှိထားသော အချက်အလက်များအရ ခရီးသွားလာမှု သို့မဟုတ် ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များ ပြုလုပ်ရန် အကြံပြုထားခြင်း မရှိသေးပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစ၍ နီပါးဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၄၈ ဦးခန့်ရှိခဲ့ပြီး ယင်းတို့အနက် ထက်ဝက်ခန့်မှာ စွံပလွန်ရည်အစိမ်း သောက်သုံးခဲ့သူများ ဖြစ်ကြသည်။
လက်ရှိတွင် အဆိုပါရောဂါပိုးအတွက် တရားဝင်ခွင့်ပြုထားသော ဆေးဝါး သို့မဟုတ် ကာကွယ်ဆေး မရှိသေးဘဲ ဗိုင်းရပ်စ်ကူးစက်ခံရသူများအကြား သေဆုံးမှုနှုန်းမှာ ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ မြင့်မားနိုင်ကြောင်း အစီရင်ခံစာများအရ သိရသည်။
