ကျားဖြန့်ဂိုဏ်း၏ ဘဏ်အကောင့်ဖွင့်ခြင်းခံထားရသော ခရမ်းမြို့သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံ ထားရ

ဓာတ်ပုံ - လူမှုကွန်ရက်

ကျားဖြန့်ငွေလိမ်ဂိုဏ်း၏ ဘဏ်အကောင့် ဖွင့်ခြင်းခံထားရသော ခရမ်းမြို့သား ၁၀ဦးထက် မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

၂၀၂၅ခုနှစ်၊မိုးတွင်းကာလက ကျားဖြန့်ဂိုဏ်းသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်ထဲသို့ ရောက်လာကာ မှတ်ပုံတင်ပြပေးရုံဖြင့် ငွေ၃သောင်းပေးမည်ဟု စည်းရုံး၍ ခရမ်းပြည်သူ လေးပုံ တစ် ပုံခန့်၏ မှတ်ပုံတင်အချက်အလက်များ ရယူခဲ့ပြီးနောက် ယင်းမှတ်ပုံတင်အချက်အလက်များဖြင့် KBZ Pay နှင့် Wave Pay အကောင့်များဖွင့်ကာ ငွေသွင်းငွေထုတ်များ ပြုလုပ်ခဲ့ကြောင်း ယခုအခါ စစ် ကော်မရှင်က KBZ Pay အကောင့်များမှတစ်ဆင့် ကျားဖြန့်ဂိုဏ်းအတွက် ငွေလွှဲငွေထုတ်ပြုလုပ်ပေး နေသူများနှင့် ထိုအကောင့်များအတွက် မှတ်ပုံတင်ခွင့်ပြုထားသည့် မှတ်ပုံတင်ကတ်ပိုင်ရှင်များကိုပါ လိုက်လံဖမ်းဆီးနေကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က သတင်း ထုတ်ပြန်သည်။

“ လက်ရှိဖမ်းဆီးခံထားရတာ ခရမ်းမြို့ပေါ်ကချည်းပါပဲ။ဒီရက်ပိုင်းအတွင်းကမှ စပြီးဖမ်းကြတာပါ။ အခုထိပါဖမ်းထားတုန်းပဲ။ ငွေနဲ့လိုက်တာတောင် ပြန်လွှတ်မပေးပါဘူး”ဟု ခရမ်းချန်နယ်မှ တာဝန်ရှိ သူတစ်ဦးက MPAသို့ပြောသည်။

ကျားဖြန့်ဂိုဏ်းသည် သက်ကြီးပိုင်းများကို အဓိကပစ်မှတ်ထားကာ မှတ်ပုံတင်ပြခိုင်းပြီး မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ကာ မှတ်ပုံတင်ပိုင်ရှင်ရှေ့မှာပင် KBZ Pay နှင့် Wave Pay ဖွင့်သွားကြကြောင်း သိရ သည်။

“ခရမ်းမှာက သာမန်လက်လုပ်လက်စားသမားများတဲ့အပြင် အခုခေတ် ငွေလိမ်လည်မှုအကြောင်း တွေလည်း မသိကြတော့ ရောင်းမိတာပေါ့။ အိမ်မှာနေရင်း ၃၀၀၀၀ အလကားရတယ်ဆိုပြီး ရောင်း မိကြတာ။ သူတို့က မှတ်ပုံတင်တွေယူပြီး KPay နဲ့ Wave Pay တွေဖွင့်သွားကြတာ”ဟု ၎င်းက ဆက် လက်ပြောသည်။

လက်ရှိတွင် Wave Pay ၏ စစ်ဆေးမှုကြောင့် ဖမ်းဆီးမှုမပါသေးဘဲ ခရမ်းပြည်သူတို့၏ မှတ်ပုံတင်ဖြင့် ဖွင့်ထားသည့် KBZ Pay အကောင့်များ၌ ငွေလွှဲငွေထုတ်များနေသဖြင့် KBZ Pay က အမည်မည်းစာရင်သွင်းကာ စစ်ကော်မရှင်က ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။