ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၈ ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သော လူငယ်တစ်ဦးကို စစ်အုပ်စု ဝင်တို့က အိမ်ပေါ်တက် ဖမ်းဆီးပေါ်တာဆွဲခဲ့ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ Hlaing Info က သတင်းထုတ်ပြန်သည်။
ဖေဖေါ်ဝါရီ၇ရက်၊ည၉နာရီခန့်တွင် လှိုင်မြို့နယ်၊၈ရပ်ကွက်၊သုခမြိုင်၄လမ်းရှိ အိမ်တစ်အိမ်ပေါ်သို့ လှိုင်မြို့နယ်၊၆ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဆောင်ကာ စစ်သား၊ရဲတို့နှင့်အတူ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အသက်၂၅နှစ်ဝန်းကျင်ရှိ ထိုလူငယ်အား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်ဌားနေတာတဲ့။သူ့အဒေါ်နဲ့အတူ နေပါတယ်။အခု ၁၁ရပ်ကွက်ရုံးကို ရောက်နေပြီတဲ့”ဟု Hlaing Info မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
၈ရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်ကျော်သည် ယင်းလူငယ်ကို ၆ရပ်ကွက်သို့ စစ်မှုထမ်းအတွက် လူရောင်းစားခဲ့သဖြင့် ၆ရပ်ကွက်အုပ်ကြီးက နယ်မြေကျော်ကာ လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားကြသည်ဟု Hlaing Info က ဆိုသည်။
“ဒီနေ့မနက်ပဲ ဈေးထဲမှာ အဲသတင်းကြားလာတယ်။ အိမ်ပေါ်ထိ တက်ဖမ်းတယ်ဆိုတော့ ဒီမှာ ဧည့် စာရင်းနဲ့နေတဲ့သူတွေ အကုန်လန့်ကုန်တယ်။ကျမတို့ရပ်ကွက်မှာတော့ အဲလိုတွေ မကြားဖူးဘူး”ဟု လှိုင်မြို့နယ်၊ဘူတာရုံလမ်းနေ အိမ်ရှင်မတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့် လူငယ်သည် အိမ်ပွဲစားလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း Hlaing Info တာဝန်ရှိသူ က ဆိုသည်။
၈ရပ်ကွက်အုပ်ချုပ်ရေးမှူးမောင်ကျော်နှင့် ၎င်းမွေးထားသည့် ပျူစောထီးများသည် ညအချိန်၌ လှိုင်မြို့နယ်အတွင်း ဆိုင်ကယ်ဖြင့်ပတ်ပြီး ပေါ်တာဆွဲကာ ရောင်းစားနေကြောင်း ၎င်းက ပြောသည်။
ဖေဖေါ်ဝါရီ၆ရက်ကလည်း လှိုင်မြို့နယ်၊၁၁ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အချုပ်ခန်းအတွင်း စစ်မှုထမ်း အတွက် ဖမ်းဆီးခံထားရသည့် လူငယ်၂ဦး တိုက်အမြင့်ပေါ်မှ ခုန်ချထွက်ပြေးကြရာ တစ်ဦးမှာ ခါးရိုးကျိုးဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး နောက်တစ်ဦးက ဒဏ်ရာရခဲ့သည်။
