မကွေးတိုင်း ၊ စလင်းမြို့နယ်အတွင်း ပါရာမော်တာဖြင့် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဘွားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၈ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ မှ တက်လာသည့် ပါရာမော်တာ တစ်စင်းဖြင့် ၁၂၀ မမ ဗုံးသီး ၃ လုံး ကြဲချခဲ့ရာ စလင်းမြို့နယ် ၊ ကန်ကြီးကျေးရွာမှ အသက် ၈၀ အရွယ် အမျိုးသမီးကြီး တစ်ဦး သေဆုံးခဲ့ပြီး အသက် ၇၀ နှင့် အသက် ၄၀ အရွယ် အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ညီနောင်-စလင်းက သတင်းထုတ်ပြန်ထားသည်။
“ဗုံးက အိမ်ပေါ် တစ်လုံး ၊ ရွာထဲက သစ်ပင်တွေနားတစ်လုံး ၊ အိမ်ဘေး တစ်လုံးကျတာ။ သေဆုံးတာက အိမ်ရှင်အဘွားပါ။နေရာတင်ဆုံးတာ၊ အသက် ၈၀ ဝန်းကျင်လောက်ရှိမယ်။ သေဆုံး အဘွားက အိမ်ထဲမှာပဲ။ ကျန်အမျိုးသမီးနှစ်ဦးကတော့ မသိဘူး။ ကန်ကြီးရွာက ဆိပ်ဖြူနဲ့ စလင်းကြားမှာပါ။ တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ ကြဲသွားတာ”ဟု ပြည်သူ့ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက MPA သို့ပြောသည်။
ဒဏ်ရာရ အမျိုးသမီး ၂ ဦးမှာ ခြေထောက်နှင့် ခါးတို့ကို ဗုံးစ ထိမှန်ခဲ့ခြင်းဖြစ်ပြီး ခါးထိသည့် အမျိုးသ မီးမှာ စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း သိရသည်။
သေဆုံးသွားသူ၏ နေအိမ်လည်း ပျက်စီးခဲ့ပြီး ရွာထဲက နွား ၃ ကောင်လည်း သေဆုံးခဲ့သေးကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ကန်ကြီးကျေးရွာမှ ပြည်သူအချို့ တိမ်းရှောင်ကြသော်လည်း ယနေ့(ဖေဖော်ဝါရီ ၉ ရက်)တွင်မူ ရွာထဲသို့ ပြန်ဝင်ကြပြီ ဖြစ်ကြောင်း သိရသည်။
ကပစ ၂၂ သည် ဆိပ်ဖြူမြို့နယ်တွင် တည်ရှိပြီး လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ကန်ကြီးကျေးရွာ နှင့် မိုင် ၂၀ ကျော်ဝေးသည်။
