ထိုင်းနိုင်ငံ၏ တော်ဝင်မိသားစုကို ကြည်ညိုပျက်စေမှုဥပဒေဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် အဆိုပြုရာတွင် ပါဝင်ခဲ့သည့် ရှေ့သို့ပါတီ (Move Forward Party) မှ အမတ်ဟောင်း ၄၄ ဦးသည် ပြင်းထန်သော ကျင့်ဝတ်စံနှုန်းများကို ချိုးဖောက်ခဲ့သည်ဟု အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က ဆုံးဖြတ်လိုက်ပြီး အဆိုပါအမှုကို တရားလွှတ်တော်ချုပ်သို့ လွှဲပြောင်းပေးပို့မည်ဖြစ်သည်။
ရာဇသတ်ကြီးဥပဒေပါ ဘုရင်ကြည်ညိုပျက်စေမှုဆိုင်ရာ ပြဌာန်းချက်ကို ပြင်ဆင်ရန် ဥပဒေကြမ်းတွင် အတူတကွ လက်မှတ်ရေးထိုးခဲ့ကြသည့် လွှတ်တော်အမတ် ၄၄ ဦးစလုံးကို အရေးယူဆောင်ရွက်ရန် ခိုင်လုံသောအကြောင်းပြချက်များ တွေ့ရှိရကြောင်း NACC အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုတိုင်ကြားခံခဲ့ရသူများတွင် လက်ရှိ ‘ပြည်သူ့ပါတီ’ ခေါင်းဆောင် နာထာဖုန်း ရူအန်ပန်ညာဝတ် ၊ ဒုတိယခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်း စီရီကန်ညာ တန်စကူးလ်တို့လည်း ပါဝင်သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရှေ့သို့ပါတီ၏ ဘုရင်ကြည်ညိုပျက်စေမှုဥပဒေ ပြင်ဆင်ရေး စည်းရုံးလှုံ့ဆော်မှုသည် စည်းမျဉ်းခံဘုရင်စနစ်ကို ဖြိုဖျက်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ယင်းလုပ်ရပ်များကို ရပ်တန့်ရန် အမိန့်ပေးခဲ့သည်။
အဆိုပါ စီရင်ချက်ကြောင့် နောက်ပိုင်းတွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ၌ ပါတီဖျက်သိမ်းခံခဲ့ရပြီး ပါတီအလုပ်အမှုဆောင် ၁၁ ဦးမှာလည်း ၁၀ နှစ်ကြာ နိုင်ငံရေးလုပ်ကိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။
ပါတီဖျက်သိမ်းခံခဲ့ရသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ စီရင်ချက်ကို ကိုးကား၍ ယခုအခါ အမတ် ၄၄ ဦးအပေါ် ကျင့်ဝတ်ဆိုင်ရာ အရေးယူပေးရန် NACC ထံ ထပ်မံတိုင်ကြားခဲ့ခြင်းဖြစ်သည်။
တရားလွှတ်တော်ချုပ်က NACC ၏ တွေ့ရှိချက်ကို အတည်ပြုမည်ဆိုပါက အဆိုပါ အမတ်ဟောင်းများသည် နိုင်ငံရေးလုပ်ကိုင်ခွင့် ပိတ်ပင်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅ အရ နိုင်ငံရေးရာထူး ရယူထားသူတစ်ဦးသည် ပြင်းထန်သော ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှု ကျူးလွန်ကြောင်း NACC က တွေ့ရှိပါက အဆိုပါအမှုကို တရားလွှတ်တော်ချုပ်၏ နိုင်ငံရေးရာထူး ရယူထားသူများဆိုင်ရာ ရာဇဝတ်မှုခုံရုံးသို့ လွှဲပြောင်းပေးပို့ရန် လိုအပ်သည်။
တရားရုံးက အမှုကို လက်ခံစစ်ဆေးပြီဆိုသည်နှင့် စွပ်စွဲခံရသူများသည် နောက်ဆုံးစီရင်ချက်မချမီအထိ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ခြင်းမှ ရပ်ဆိုင်းခံရမည်ဖြစ်သည်။
အပြစ်ရှိကြောင်း တွေ့ရှိရပါက ၎င်းတို့သည် အမတ်၊ အထက်လွှတ်တော်အမတ် သို့မဟုတ် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးကောက်ပွဲဝင်ခွင့် တစ်သက်တာ ပိတ်ပင်ခံရမည့်အပြင် မည်သည့်နိုင်ငံရေးရာထူးကိုမဆို ထာဝရရယူခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။
ထို့ပြင် တရားရုံး၏ ဆုံးဖြတ်ချက်အရ ၎င်းတို့၏ မဲပေးပိုင်ခွင့်ကိုလည်း ၁၀ နှစ်အထိ ရုပ်သိမ်းနိုင်သည်။
အဆိုပါ အမတ် ၄၄ ဦးအနက် ၂၅ ဦးမှာ လက်ရှိတွင် ပြည်သူ့ပါတီ (People’s Party) ၌ ရှိနေကြသည်။ ၎င်းတို့ထဲမှ ၁၂ ဦးမှာ ပါတီစာရင်းဝင် အမတ်လောင်းများဖြစ်ပြီး ၃ ဦးမှာ မနေ့က ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲတွင် နယ်မြေအလိုက် အမတ်လောင်းများအဖြစ် ပါဝင်ခဲ့ကြသည်။
